ဇမ္ဗူသီရိ ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး မှတ်တမ်းရေးသွင်းခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့ နံနက် ၉ နာရီက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက လူကုန်ကူးမှုဟာ လူသားအချင်းချင်းကို ရောင်းကုန်ပစ္စည်းသဖွယ် သဘောထားပြီး နှိပ်စက် ညှဉ်းပန်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာပြုခြင်းများကြောင့် လူကုန်ကူး ခံရသူတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်သိက္ခာနှင့် အသက်ခန္ဓာတို့ကို များစွာ ညိုးနွမ်းပျက်စီးစေတဲ့အတွက် နိုင်ငံတော်အနေဖြင့် ၁၉၉၇ ခုနှစ်ကစပြီး အရှိန်အဟုန်မြှင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေးဆွဲ ပြဋ္ဌာန်းထားခဲ့သည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေအား (၁၆.၆.၂၀၂၂) ရက်နေ့တွင် ရုတ်သိမ်းခဲ့ပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၁/၂၀၂၂) ဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များ အနေဖြင့် လူကုန် ကူးမှုများ စုံစမ်းစစ်ဆေးရာတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များမှ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း အဆိုပါ ပြဋ္ဌာန်းထားရှိသော ဥပဒေအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖော် တိုက်ဖျက်ဆောင်ရွက်သွားကြပါဟု ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်/ကျေးစာရေးများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၅၆) ဦး တက်ရောက်သင်ကြားကြပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက ဩဂုတ် ၂၇ မှ ဩဂုတ် ၂၉ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)