မင်းဘူး ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၄၉ ရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။
မင်းဘူးခရိုင်အတွင်းရှိ မင်းဘူးမြို့နယ်တွင် ကျေးရွာ ၁၃ ရွာ၊ ပွင့်ဖြူမြို့နယ်တွင် ကျေးရွာ ၁၂ ရွာ၊ စလင်းမြို့နယ်တွင် ကျေးရွာ ၁၄ ရွာ၊ ငဖဲမြို့နယ်တွင် ကျေးရွာ ၅ ရွာ၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာ ၅ ရွာ စုစုပေါင်း ကျေးရွာ ၄၉ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ၏ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ၏ နည်းပညာပံ့ပိုးမှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းရွေးချယ်တဲ့အခါမှာ ကျေးရွာသူ၊ ကျေးရွာသားများရဲ့ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှုတွေကြည့်ပြီး အိမ်ထောင်စုအကျိုးခံစားမှုများတဲ့ ကျေးရွာတွေကို ရွေးချယ်ခဲ့တာပါ။ ကျေးရွာတွေရဲ့ ပကတိလိုအပ်တဲ့ လုပ်ငန်းတွေကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နိုင်ငံတော်က ခွင့်ပြုတဲ့ငွေ၊ ပြည်သူလူထု ထည့်ဝင်ငွေတွေနဲ့ လုပ်ငန်းစီမံချက်တွေ ရေးဆွဲပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စီမံကိန်း ဖြစ်ပါတယ်” လို့ မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ပြောသည်။
မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၄၉ ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ မြေနီကျောက်စရစ်လမ်းခင်းခြင်း၊ ရေပေးရေးလုပ်ငန်းများ၊ မီးလင်းရေးလုပ်ငန်းများ၊ ဆေးပေးခန်း၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မာ