ချောင်းဦး သြဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ဝါသီးနှံကို နှစ်စဉ် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဝါစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့်များဖြစ်သည့် ရွှေတောင် ၁၀၊ ရွှေတောင် ၈၊ ငွေချည် ၁၁၊ ငွေချည် ၉ နှင့် ဝါကြီးမျိုးများကို စိုက်ပျိုးထားကြောင်း သိရသည်။

ချောင်းဦးမြို့နယ်ရှိ ဝါစိုက်တောင်သူများအား ဝါမျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ ဝါသီးနှံဖြစ်ထွန်းအောင်မြင်စေရန် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရန် စိုက်နည်းစနစ် မှန်ကန်စေရေးတို့ကို နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ယခုအချိန်တွင် ဝါသီးနှံစိုက်ဧကများ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဝါစိုက်တောင်သူများအား လိုအပ်သည့် နည်းပညာများကိုလည်း စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးထံမှ သိရသည်။

ချောင်းဦးမြို့နယ် အနေဖြင့် ၂၀၂၂ ခုနှစ် မိုးကြိုကာလ၊ မိုးကာလ၊ မိုးနှောင်းကာလ ဝါသီးနှံစိုက်ပျိုးရန် ဧက ၇၀၀၀ ကျော် လျာထားထားပြီး ယခုအချိန်အထိ ဝါသီးနှံ စိုက်ဧက ၆၄၀၀ ကျော် စိုက်ပျိုးပြီးစီး၍ ကျန်ရှိသည့် ဧက ၁၀၀၀ ကျော်အား ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)