မြို့သစ် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း၊ ခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်ငါးသိန်းကျော်ခန့် ကုန်ကျကာ စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ အ သီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန် (၁ဝဝ)ကျော်အထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါး ဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်တစ်ပိဿာ ငွေကျပ်(၁၅၀၀)ကျပ်ဝန်းကျင် ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီး စိုက်ပျိုးသူများအနေဖြင့် တိုင်ထောင်ခရမ်းချဉ်မျိုးများ အဓိကထားစိုက်ပျိုးကြကြောင်းနှင့် တိုင်ထောင်ခရမ်းချဉ်များသည် အခွံထူ အထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးလျှင် ဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက်)