မိုင်းဆတ် ဩဂုတ် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဩဂုတ် ၂၆ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက ဟိုနားကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ခမ်းချောင်းပေါ်တွင် တည်ဆောက်ထားသည့် အလျား(၄၀)ပေ၊ အနံ(၁၂)ပေရှိ မိုင်းဆတ်-မိုင်းခုတ်သွား နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားသည် တောင်ကျရေများ တိုက်စားခြင်းကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားကို ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေများ တိုက်စားခြင်းကြောင့် မိုင်းခုတ်ဘက်အခြမ်း ကမ်းကပ်ခုံပျက်စီး၍ ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ဘေလီတံတားအား အမြန်တည်ဆောက်သွားဖြစ်ကြောင်း ခရိုင်လမ်းဦးစီးဌာနမှ သိရသည်။

အဆိုပါ ဘေလီတံတား တည်ဆောက်နေစဉ်ကာလအတွင်း ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများက ဩဂုတ် ၂၇ ရက်က ယာယီဝါးတံတား တည်ဆောက်ပေးခဲ့ရာ ယနေ့တွင် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများနှင့် မော်တော်ဆိုင်ကယ်များ အဆင်ပြစွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

စန်းစန်းယဉ်(ပြန်/ဆက်)