နေပြည်တော် ဩဂုတ် ၂၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်သည် ဩဂုတ် ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စာတိုက်၊ အော်တိုအိတ်ချိန်း၊ မိုဘိုင်း စခန်းများကို ထိန်းချုပ်သည့် စက်ခန်းနှင့် SEA-ME-WE-5 ရေအောက် ဖိုင်ဘာကေဘယ်လ် စခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ 

ဩဂုတ် ၂၆ ရက် နံနက်တွင် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီး မန်နေဂျာရုံး စုပေါင်းခန်းမ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက် လုပ်ငန်းတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမူနေထိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချောင်းသာမြို့ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း ဆက်သွယ်ရေးစခန်း (GMDSS) တည်ဆောက်မည့် မြေနေရာတွင် အဆောက်အဦ ဆောက်လုပ်မည့်အခြေအနေ၊ ရေရရှိမှု၊ လျှပ်စစ်မီးရရှိမှုနှင့် စခန်းသို့ ဝင်ရောက်ရန် လမ်းဖောက်လုပ်နိုင်ရေး အခြေအနေများကိုလည်းကောင်း၊  ချောင်းသာမြို့ရှိ အော်တိုအိတ်ချိန်းနှင့် စာတိုက်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

ယင်းနောက် ငွေဆောင်မြို့ရှိ အော်တိုအိတ်ချိန်း၊ စာတိုက်၊ AAE-1 ရေအောက်ဖိုင်ဘာ ကေဘယ်လ်စခန်းနှင့် Submarine Fiber Cable Beach Manhole တို့ကို သွားရောက်ကြည့်ရှု  စစ်ဆေးပြီး စက်ပစ္စည်းတပ်ဆင်ထားရှိမှုနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းမှာကြားသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ဆက်ကြောင်းများအတွက် ချိတ်ဆက်ထားသော ဖိုင်ဘာဆက်ကြောင်းများ၊ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုနှင့် Call Center ဝန်ဆောင်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်ကြောင်းများနှင့် စက်ပစ္စည်းများချို့ယွင်းမှုကြောင့် ဆက်သွယ်မှုများ မပြတ်တောက်စေရေးအတွက် အရန်စနစ်များ စနစ်တကျ စီမံထားရှိ‌ရေး၊ ဆက်သွယ်ရေး ဝန်‌ဆောင်မှုများ ဆောင်ရွက်ရာတွင် သုံးစွဲသူများ၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းပေးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်