နေပြည်တော် ဩဂုတ် ၂၈

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြီးမှူးပြုလုပ်ခဲ့သော ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ရေအသုံးချရေး အဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင် (၆၆) ဦးတို့သည့် ယမန်နေ့မွန်းလွဲပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းမှ ဆောင်ရွက်နေသော စမ်းဝတီသဘာဝမြေဩဇာစက်ရုံသို့ လာရောက်လေ့လာကြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက သဘာဝမြေဩဇာ ထုတ်လုပ်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ စမ်းဝတီ သဘာဝမြေဩဇာစက်ရုံ ပေါ်ပေါက်လာပုံ၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်၍ လယ်ထွန်စက်များနှင့် သဘာဝမြေဩဇာများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊ ရှမ်းပြည်နယ်သမဝါယမ အသင်းစုချုပ်၏ အင်းလေးကန်မှ ဗေဒါအခြေခံသဘာဝမြေဩဇာ ထုတ်လုပ်နေခြင်းနှင့် ရပ်စောက်မြို့နယ် သမဝါယမအသင်းစု၏ စွန့်ပစ်ကြက်ချေးမှ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုများ ကို ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ၊ ဦးမျိုးထက်ဝင်းက သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်ကိုလည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက တောင်သူများ သိမှတ်ဖွယ်ရာ စိုက်ပျိုးရေး နည်းပညာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

 

mdn

 

ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် နွားမွေးမြူရေးခြံသို့ သွားရောက်လေ့လာကြည့်ရှု ကြသည်။ ဆက်လက်၍ စမ်းဝတီသဘာဝမြေဩဇာ စက်ရုံမှ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယင်းနေ့ ညနေပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ဂွေးပင်စံပြကျေးရွာသို့ ရောက်ရှိပြီး GW 11 စပါးမျိုးအား အစေ့ချစနစ်၊ ကြဲပက်စနစ်၊ ပျိုးထောင်စနစ်တို့ဖြင့် စမ်းသပ်စိုက်ပျိုးထားသည့် စံပြကွက်များရှိ တစ်လသားစပါးပင်များ၏ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေကို တောင်သူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်