နေပြည်တော်၊ ဩဂုတ် ၂၈
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်/လမ်းရွာ ရေနံမြေရှိ စွမ်းအင်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန့်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ချောက်/ လမ်းရွာ ရေနံမြေ၊ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် တွင်းအမှတ် CDT-15 တူးဖော်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ယာယီရှင်းလင်းဆောင်၌ ချောက်/ လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာက ချောက်/လမ်းရွာ ရေနံမြေ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်နေမှု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းအစီအမံများ၊ လက်ရှိတူးဖော်နေသည့် CDT-15 ၏ ဘူမိဗေဒဆိုင်ရာ အချက်အလက်များနှင့် တူးဖော်ခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့ ခန့်မှန်းထွက်ရှိနိုင်မည့် အခြေအနေနှင့် သုံးစွဲမည့် အခြေအနေတို့ကို ကြိုတင်စဉ်းစားတွက်ချက်ထားရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ထုတ်လုပ်ရေးတွင်းများ ဆက်လက်တူးဖော်နိုင်ရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများကို အမှတ်တရ သစ်သီးခြင်းပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ချောက်/လမ်းရွာ ရေနံမြေ၊ အမှတ်(၁) ရေနံ လက်ခံ သံကန်တန်း ဧရိယာရှိ ရေနံတွင်းများမှ ရေနံစိမ်းထုတ်လုပ်နေမှု၊ လက်ခံသံကန်တန်းများသို့ ပို့လွှတ်မှုကို ကြည့်ရှုစစ်ဆေးပြီး ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ယခုထက်ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ရေနံမြေလုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ပင်မစက်မှုလက်မှုအလုပ်ရုံ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းသို့ ရောက်ရှိပြီး ရေနံတွင်း တူးစက်နှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုတင် ၁၅၀ ဆံ့ ရေနံဆေးရုံရှိ ပြည်သူများနှင့် ဝန်ထမ်းများ တက်ရောက်ဆေးကုသနေမှုကို ကြည့်ရှုစစ်ဆေးရာ ရေနံဆေးရုံဆရာဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် မှာကြားပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်