လူကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် ဖြေရှင်းရန်ခက်ခဲသော ပြဿနာဖြစ်ပြီး လူလူချင်း ရက်စက်စွာ ခေါင်းပုံဖြတ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သလို နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေလေ့ရှိသည့် နိုင်ငံဖြတ်ကျော် မှုခင်းများလည်းဖြစ်သည်။ လူကုန်ကူးမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည့်နိုင်ငံများတွင် အဓိကအဖြစ်များသော်လည်း ချမ်းသာသည့်နိုင်ငံများမှာပါ လူကုန်ကူးမှုများ ဖြစ်ပွားကြောင်း တွေ့ရသည်။

 

လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာခဲ့ရာတွင် အဓိကကျူးလွန်သူ တရားခံများနှင့် ကျူးလွန်ခံရသူ သားကောင်များမှာ အမျိုးသမီး များဖြစ်ကြကြောင်း ကိန်းဂဏန်းများအရ သိရှိရသည်။ UNODC ၏ ၂၀၁၈ ခုနှစ် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင်ဖြစ်သော အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ လူကုန်ကူးခံရမှုအမျိုးအစားများမှာ အမျိုးသား ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၈ ရာခိုင်နှုန်း၊ ကလေးသူငယ်(ယောကျ်ား) ၄ ရာခိုင်နှုန်း၊ ကလေး သူငယ် (အမျိုးသမီး) ၁၉ ရာခိုင်နှုန်း ပါဝင်ကြောင်းနှင့် မှုခင်းအမျိုး အစားအနေဖြင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု ၆၀ ရာခိုင်နှုန်း၊ လုပ်အားခေါင်းပုံဖြတ်မှု ၃၈ ရာခိုင်နှုန်း၊ အခြား လူကုန်ကူးမှု ၂ ရာခိုင်နှုန်းပါဝင်ကြောင်း ဖော်ပြထားသည်။ သို့ဖြစ်ရာ လူကုန် ကူးခံရသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုကို အများစုက ကျူးလွန်ခံခဲ့ကြရခြင်းဖြစ်သည်။

 

လူကုန်ကူးမှုအများစုမှာ ပြည်ပသို့ တရားမဝင် ထွက်ခွာမှုများနှင့် ဆက်စပ်နေပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိ သွားပြီးမှ လူကုန်ကူးခံရသည့် အခြေအနေများဖြစ်ပေါ်လာရာ အချိန်မီ ကယ်တင်နိုင်ရန် အတွက်လည်းကောင်း၊ တရားခံများကို ဖမ်းဆီးနိုင်ရန်အတွက်လည်းကောင်း၊ သတင်းအချက်အလက်များ ရရှိရန်အတွက်လည်းကောင်း လွန်စွာခက်ခဲကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံများရှိ ရဲတပ်ဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုရရှိ ရန်လိုအပ်ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတစ်ခုသို့ လူကုန်ကူးခံရပြီး ရောက်ရှိနေသည်ဆိုသည့် မြန်မာမိန်းကလေးငယ်အချို့က အကူအညီတောင်းခံသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် တွေ့ရှိနေရပြီး ယင်းကိစ္စနှင့် စပ်လျဉ်း၍မှတ်ချက်များ၊ ထင်မြင်ချက်များကိုလည်း တွေ့ရှိနေရာ သတင်းအချက်အလက်များ စုံစမ်းစိစစ်မှုနှင့် လိုအပ်သလို အရေးယူဆောင်ရွက်မှုတို့ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။

 

၂၀၀၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် အမှုပေါင်း ၂၀၅၄ မှု ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၆၀၀၀ ခန့်ကို အရေးယူနိုင်ခဲ့ကာ လူကုန်ကူးခံရသူ ၄၅၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့သည်။ လူကုန်ကူးမှုများကို တိုက်ဖျက်ရာတွင် ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများက လူကုန်ကူးသူများ ကို ဖော်ထုတ်အရေးယူရန်၊ လူကုန်ကူးခံနိုင်ရဖွယ်ရှိသူများကို ကာကွယ်စောင့်ရှောက်ရန်၊ ဘဝပြန်လည်ထူထောင်ရေးနှင့် စောင့်ရှောက်ပေးနိုင်ရေးဆောင်ရွက်ရန်ဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံးကလည်း လူကုန်ကူးမှု အသိပညာဗဟုသုတများဖြင့် ပူးပေါင်းပါဝင် ကူညီကြရပါမည့် အကြောင်း။ ။

 

မြန်မာ့အလင်း