အစ္စလာမ္မာဘတ် ဩဂုတ် ၂၉
ပါကစ္စတန်နိုင်ငံ၌ ဇွန်လ ၁၄ ရက်တွင် မုတ်သုံရာသီ စတင်ခဲ့ပြီးနောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုများမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် မတော်တဆမှုများကြောင့် သေဆုံးသူ ၁၀၀၀ အထိမြင့်တက်လာခဲ့ ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင် အဖွဲ့က ဩဂုတ် ၂၇ ရက် ညပိုင်းတွင် ပြောသည်။
ပါကစ္စတန်နိုင်ငံ အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့၏ ပြောကြားချက်အရ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သည့် အမျိုးမျိုးသော မတော်တဆမှုများကြောင့် ဒဏ်ရာ ရရှိသူ ၁၅၂၇ ဦးရှိခဲ့ကြောင်း၊ လူနေအိမ် ၉၄၉၈၅၈ အိမ်သည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်း ကြောင့် လူဦးရေသန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုမှတစ်ဆင့် ဖြစ်ပေါ်ခဲ့သည့် မတော်တဆမှုများကြောင့် သေဆုံးသူများအနက် ကလေးငယ် ၃၄၈ ဦးနှင့် အမျိုးသမီး ၂၀၇ ဦးပါဝင်ကြောင်း သိရသည်။ ဆင်း ပြည်နယ် တောင်ပိုင်းသည် မုတ်သုံမိုး ကာလအတွင်း ရေကြီးရေလျှံမှုဒဏ်ကို အများဆုံးခံရသည့် ပြည်နယ်ဖြစ်ပြီး ဆင်းပြည်နယ်တစ်ခုတည်းတွင် သေဆုံးသူ ၃၄၇ ဦးရှိခဲ့ကာ ၁၀၀၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံအတွင်း ရုတ်တရက်ရေကြီးမှုများကြောင့် လမ်းများ၏ ၃၄၅၁ ကီလိုမီတာခန့်၊ တံတား ၁၄၉ စင်းနှင့် ဈေးဆိုင်ပေါင်း ၁၇၀ ပျက်စီး မှုရှိခဲ့ကြောင်းလည်း သိရသည်။ ပါကစ္စတန် နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိရစ္ဆာန်ကောင်ရေ ၇၁၉၅၅၈ ကောင် သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်