နယူးဒေလီ ဩဂုတ် ၂၉

 

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက စက်တင်ဘာလအတွင်း အာဟာရချို့တဲ့မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် ၎င်း၏နိုင်ငံသားများအား ဩဂုတ် ၂၈ ရက်တွင် တိုက်တွန်းပြောကြားသည်။

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ စက်တင်ဘာလကို “အာဟာရဖွံ့ဖြိုးရေးလပတ်”အဖြစ် သတ်မှတ်ကျင်းပခဲ့သည်။

 

အာဟာရချို့တဲ့မှုဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် လူမှုရေးဆိုင်ရာ အသိပညာပေးမှုများသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ လာမည့်အာဟာရဖွံ့ဖြိုးရေးလပတ်တွင် အာဟာရချို့တဲ့မှု ပပျောက်ရေး ကြိုးပမ်းမှုတွင် အားလုံးပါဝင်ကြရန် တိုက်တွန်းကြောင်း မိုဒီက လစဉ်ရေဒီယိုအစီအစဉ်ဖြင့် နိုင်ငံတော်ကို မိန့်ခွန်းပြောကြားသည်။

 

နိုင်ငံအတွင်း အာဟာရချို့တဲ့မှု တိုက်ဖျက်ရေးလုပ်ငန်းများကို လူ့အဖွဲ့အစည်းအသီးသီးရှိ ပြည်သူများက အမျိုးမျိုးသော စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောင်းဆန်စွမ်းအင်နှင့် ပရိုတင်းဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် လယ်သမားများအား ပြောင်းဆန်များကို တိုးချဲ့စိုက်ပျိုးရန်အတွက်လည်း ဝန်ကြီးချုပ်မိုဒီက အကြံပြုတိုက်တွန်းလိုက်သည်။

 

ဆင်ဟွာ