ဩဂုတ် ၂၉
လာအိုနိုင်ငံတွင် မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သဖြင့် လူထောင်ပေါင်းများစွာရေဘေးသင့်ခဲ့ရသည်ဟု သိရသည်။
ဗီယန်ကျင်းမြို့တော်၏မြောက်ဘက် ကီလိုမီတာ ၃၁၀ ခန့်အကွာ အိုဒိုမက်ချီပြည်နယ်သည် ပြီးခဲ့သည့် သောကြာနေ့နောက်ပိုင်း ရေကြီးရေလျှံမှုအများဆုံးခံရသော ပြည်နယ်ဖြစ်ကြောင်း လာခရိုင် အကြီးအကဲ ဟွမ်ဖန်က ယနေ့တွင် သတင်းထောက်များကို ပြောကြားသည်။ အိုဒိုမက်ချီ၊ ဘိုကီအို၊ ဟူဖန်နှင့် ဖောင်စလီပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် လမ်းမများပေါ်တွင် ရေလွှမ်းမိုးသွားပြီး ဖြတ်သန်းသွားလာ၍မရတော့ကြောင်း၊ နေအိမ်များပျက်စီးသွားကြောင်းနှင့် လျှပ်စစ်မီးနှင့်ရေများပြတ်တောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ထိုရေကြီးမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ရေဘေးသင့်ပြည်သူများအနေဖြင့် အဝတ်အစား၊ အစားအစာနှင့် သောက်ရေများ အရေးတကြီးလိုအပ်လျက်ရှိသည်။
ယင်းမိုးသည်းထန်မှုကြောင့် ဖြစ်ပွားခဲ့သော အိုးမဲ့အိမ်မဲ့ဖြစ်သူဦးရေကို ရေတွက်သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် ဒေသန္တရအာဏာပိုင်များက ရေဘေးသင့်ပြည်သူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးရန်လုပ်ဆောင်နေပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို