သိန်းညွန့်(PZL)
ကမ္ဘာ တစ်လွှား တောတောင်၊ သစ်တောများအပေါ် ဖြန့်ကြက်ရှုကြည့်လိုက်မည်ဆိုပါက ကြိုးကြာငှက်မျိုးစိတ်ပေါင်း ၁၅ မျိုးရှိကြောင်း သိမှတ်ရသည်။ မိမိတို့မြန်မာနိုင်ငံတွင်မူ မျိုးစိတ်နှစ်မျိုး တွေ့ရှိရပေရာ အမျိုးအစားအားဖြင့် ဌာနေငှက်နှင့် ဆောင်းခိုချိန်ကာလကျက်စားတတ်သော ငှက်ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။
ကြိုးကြာခေါင်းနီငှက်ကောင်ရေ အများအပြားကို မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး တစ်နံ တစ်လျား၌ တွေ့ရှိရကြောင်း စစ်တမ်းများက ပြဆိုထားသည်။ အဆိုပါဒေသများအပြင် ပဲခူးနှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်း၊ ကချင်၊ ရခိုင်ပြည်နယ်များ ၌လည်း တွေ့ရှိရကြောင်း သိရှိရသည်။
ယင်းငှက်မျိုးစိတ်များသည် ရေချိုရေဝပ်ဒေသ စပါးကွင်းနှင့် ကြာတောများဝန်းကျင်၌ အုပ်စုဖွဲ့၍ နေထိုင်ကြကြောင်း တွေ့ရှိရသည်။ ဤကဲ့သို့ နေထိုင်ကြရာတွင်လည်း အရွယ်ရောက်ပြီး ကြိုးကြာနှင့် အရွယ်မရောက်သေးသည့် ကြိုးကြာ များ စုပေါင်းကာ နေထိုင်ကြသည်ဟု သိမှတ်ရသည်။
ထူးခြားချက်အနေဖြင့် မြန်မာနိုင်ငံအတွင်း တွေ့မြင်ရသောကြိုးကြာခေါင်းနီငှက် (Sarus Crane) သည် ကမ္ဘာတစ်ခွင် ပျံသန်းနိုင်သော ငှက်မျိုးစိတ်များအနက် အရပ်အမြင့်ဆုံးမျိုးစိတ်ပင် ဖြစ်သည်။
ကြိုးကြာခေါင်းနီသည် လည်ပင်းမှသည် ခေါင်းပိုင်းအထိ တောက်ပသောအနီရောင်ရှိပြီး ခန္ဓာကိုယ်ပိုင်းသည် မီးခိုရောင်အမွေးများဖြင့် ဖုံးအုပ်ထားသည်။ ကြိုးကြာခေါင်းနီငှက်အထီးသည် အမထက် ခန္ဓာကိုယ် အနည်းငယ် ကြီးထွားကြသည်။
ကဏန်း၊ ပုစွန်၊ ခရု၊ ငါးလေးများ၊ မြက်ပင်၏ ဥများနှင့် အစေ့အဆန်များသည် ကြိုးကြာခေါင်းနီတို့၏ အစားအစာများပင် ဖြစ်ချေသည်။
လူ့ဘောင်ဘဝတွင် သုံးနှုန်းသော တစ်လင်တစ်မယားစနစ်ပုံစံကို ကြိုးကြာခေါင်းနီ ဖိုမမောင်နှံတို့အကြား ကျင့်သုံးကြသည်မှာလည်း စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။
မိုးရာသီ မိတ်ပွားရာသီ နီးကပ်လာချိန်တွင် မိတ်ဖက်တွေ့ရှိရသည်နှင့် အုပ်စုအတွင်း ခုန်ပေါက်ကာ တောင်ပံများ ရိုက်ခတ်ကြသကဲ့သို့ အသံအကျယ် အော်မြည်ကာ တစ်ကောင်နှင့် တစ်ကောင် တွန်သံပေးတတ်ကြလေ့ရှိကြောင်း သိရသည်။
ကြိုးကြာခေါင်းနီ အကောင်ပေါက်ကလေးများက အမိ၊ အဖဖြစ်သူ ကြိုးကြာများနောက်ပါးသို့ လိုက်ပါကျက်စားတတ်ကြပြီး မျိုးပွားမှုမပြုလုပ်ကြသေးသော ကြိုးကြာခေါင်းနီများကမူ အုပ်စုဖွဲ့ကာ နေစရာ၊ အိပ်တန်းတက်မည့် အခင်းအကျင်းနှင့် အစားအစာ ရရှိနိုင်မည့်နေရာ ဒေသများကို ရှာဖွေကာ နေထိုင်ကျက်စားလေ့ ရှိကြသည်။
ကြိုးကြာခေါင်းနီ အမသည် တစ်ခါ ဥပါက ပုံမှန် နှစ်လုံးမျှသာ ဥတတ်ကြကြောင်း၊ ဥဝပ်ကာလမှာ လည်း ၂၈ ရက်မှ ၃၁ ရက်အထိ ကြာမြင့်တတ်ကြောင်း၊ အချို့သော အသိုက်အအုံများသည် ကြိုးကြာပေါက် ကလေးများ ရှင်သန်ရန် အခက်အခဲ ရှိတတ်ကြောင်း သိရသည်။
ယနေ့ကမ္ဘာတစ်ခွင်တွင် သာမက အမိမြန်မာနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ကောင်းမွန်သည်ဆိုခြင်းကို ဂေဟစနစ်အပါအဝင် နေထိုင်ကျက် စားကြသော သတ္တဝါမျိုးစုံတို့၏ ပေါက်ပွားရှင်သန်ခြင်းက ပြဆိုလျက်ရှိနေပေသည်။
သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် ကြိုးကြာခေါင်းနီငှက်ကောင်ရေ တိုးပွားရေး၊ ရေရှည် ထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်ထမြောက်ရန် ပြည်တွင်းနှင့် ပြည်ပအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်တွင် အဓိက ကျလျက်ရှိပါကြောင်း သတင်းစကားပါးလိုက် ရပါသတည်း။ ။