မိုးခေါင်ခြင်းက ရိုမေးနီးယား၏ စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုကို ခြိမ်းခြောက်နေ

 

သီဟစည်သူ

 

ရေငတ်နေသည့် သီးနှံစိုက်ခင်းများ တစ်နေ့တခြား တိုးပွားလာခြင်းကြောင့် ယခုနှစ်တွင်ရိုမေးနီးယား၏ ခရိုင်အများစုတွင် စိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာနိုင်ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ဆိုသည်။

 

မိုးခေါင်မှုကြောင့် ရိုမေးနီးယား နိုင်ငံ၏ ခရိုင် ၄၁ ခုအနက် ၃၃ ခုတွင် သီးနှံစိုက်ခင်း ၃၇၅၄၂၃ ဟက်တာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

 

ပျက်စီးဆုံးရှုံးမှု၏ ၅၄ ရာခိုင်နှုန်းခန့်သည် ဂျုံ၊ ပြောင်းဖူးတွင် ၁၇ ရာခိုင်နှုန်း၊ ဆီထွက်သီးနှံနှင့် နေကြာ ၁၆ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။ ရိုမေးနီးယား၌ စိုက်ပျိုးနိုင်သောမြေ ဟက်တာ ၁၀ သန်းခန့်ရှိပြီး ဟက်တာ သုံးသန်းသာ ရေသွင်းစိုက်ပျိုးနိုင်သည်။ မိုးခေါင်ရေရှားမှု ဒဏ်ခံရသော သီးနှံစိုက်ခင်းများ၏ အမှန်တကယ် စိုက်ဧကမှာ တရားဝင် စာရင်းဇယား ဖော်ပြထားမှုထက် များစွာကြီးမားနေသေးပြီး အကျိုးဆက်မှာ ပြင်းထန်မည်ဟု တောင်သူများက ယုံကြည်နေကြသည်။ တရားဝင်ကိန်း ဂဏန်းများအရ ရိုမေးနီးယား၏ ဂျုံထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၁၈ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး မိုးခေါင်မှုကြောင့် လယ်သမားများ ပုံမှန်ထက်များစွာစောပြီး ရိတ်သိမ်းရန် တွန်းအားပေးနေသောကြောင့် နေကြာထွက်ရှိမှုမှာလည်း လျော့ကျလာနိုင်သည်။ မိုးခေါင်ရေရှားမှု အကျပ်အတည်းကို ရင်ဆိုင်နေစဉ် ကာလအတောအတွင်း နိုင်ငံတစ်ဝန်းရှိ ဒေသပေါင်း ရာနှင့်ချီ၍ ရေပေးဝေမှုကို ကန့်သတ်ထားသည်။

 

သဘာဝပတ်ဝန်းကျင်၊ ရေ သယံဇာတနှင့် သစ်တောရေးရာ ဝန်ကြီး တင့်ဇိုစ်ဘာနာ၏ ပြောကြားချက်အရ နယ်မြေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် အလယ်အလတ်မှ လွန်ကဲအဆင့်အထိ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေကြရသည်။ သောက်သုံးရေကို ခြိုးခြံချွေတာ၍ သုံးစွဲကြရန် ဝန်ကြီးကအကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး စိုက်ပျိုးရေးအတွက် အသုံးမပြုရန် သတိပေးခဲ့သည်။ ဝန်ကြီးချုပ် နစ်ကိုလေးချူကာက ရေကိုဆင်ခြင်တုံတရားဖြင့် သုံးစွဲခြင်းသည် ကျွန်ုပ်တို့ပြည်သူ တစ်ဦးချင်းစီအတွက် တာဝန်ရှိကြောင်း သတိပေး ပြောကြားလိုက်သည်။

 

ကိုးကား - Drought threatens Romania's agricultural production