ကိုလံဘီယာနိုင်ငံ၌ သတင်းထောက်နှစ်ဦး ပစ်သတ်ခံရ
ဘိုဂိုတာ ဩဂုတ် ၃၀
ကိုလံဘီယာနိုင်ငံတွင် ဩဂုတ် ၂၈ ရက်က ပြုလုပ်သည့် ကာနီဗယ်ပွဲတော်မှ ပြန်လာသည့် သတင်းထောက်နှစ်ဦးကို မော်တော်ဆိုင်ကယ်ဖြင့် တိုက်ခိုက်သူများက သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ ၎င်းတို့သည် လီနာမွန်တာရို အော်တီဂါ (၃၇ နှစ်) နှင့် ဒီလီယာ ကွန်ထရီရတ်စ် ကန်ထီလို (၃၉ နှစ်) တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးစလုံးသည် ကာရေဘီယံကမ်းရိုးတန်း ဖန်ဒါစီယန်မြို့ မြောက်ပိုင်းဒေသ အခြေစိုက် ဆောဒစ်ဂျစ်တယ် ဟုခေါ်သည့် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် အလုပ်လုပ်သူများဖြစ်ကြောင်း မက်ဒလီနာ ရဲတပ်ဖွဲ့ အကြီးအကဲ အန်းဒရက်ဆာနား က ပြောသည်။
၎င်းတို့နှစ်ဦးသည် ပွဲတော်ကျင်းပရာ ဆန်တာ ရိုဆာ ဒီလီမာ မြို့မှ ဖန်ဒါစီယန်မြို့ဘက်သို့ ပြန်လာစဉ် တိုက်ခိုက်သူများက ၎င်းတို့အား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးအပြင် အခြားထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးလည်းရှိကြောင်း ဆာနားက ပြောကြားသည်။
သတင်းထောက်နှစ်ဦး တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရှိအောင် စုံစမ်းဖော်ထုတ်ပေးရန် လွတ်လပ်သော သတင်း မီဒီယာဖောင်ဒေးရှင်းက ရဲတပ်ဖွဲ့ထံတောင်းဆိုလိုက်၍ ပြီးခဲ့သည့်နှစ်အတွင်း ကိုလံဘီယာ၌ သတင်းထောက် ၇၆၈ ဦးတို့သည် သတ်ဖြတ်မှုအပါအဝင် အကြမ်းဖက်မှုအချို့ကို ခံစားခဲ့ရကြောင်း ဖောင်ဒေးရှင်းက ပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖန်ဒါစီယန် ရဲတပ်ဖွဲ့က အရေးပေါ်အစည်း အဝေးတစ်ရပ်ကိုလည်း ခေါ်ယူခဲ့သည်။ ဖန်ဒါစီယန်မြို့သည် အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှု၊ မှောင်ခိုဈေးကွက် စီးပွားရေးလှုပ်ရှားမှုများ၏ အဆိုးရွားဆုံး နေရာတစ်ခုဖြစ်ကြောင်း အစိုးရ အဖွဲ့က ဆိုသည်။
လက်ဝဲဝါဒီ ကိုလံဘီယာတော်လှန်ရေးတပ်များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကတည်းက ကိုလံဘီယာတွင် သတင်းထောက် ၁၀ ဦး သေဆုံး ခဲ့သည်။
ကိုလံဘီယာ နိုင်ငံသည် လက်တင်အမေရိကဒေသရှိ ဗင်နီဇွဲလားနှင့် မက္ကဆီကိုနိုင်ငံပြီးနောက် သတင်းထောက်များ အတွက် တတိယမြောက်အန္တရာယ် အရှိဆုံး နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောသည်။
အေအက်ဖ်ပီ