ပွင့်ဖြူ ဩဂုတ် ၃၀

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းဖွင့်ရာသီကာလ ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဩဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့နှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ဦးစွာ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသားကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် အားလပ်ချိန်များတွင် မိမိအတွက် အကျိုးရှိမည့် သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြစေလိုကြောင်း၊ အလိမ္မာစာမှာရှိ ဆိုသည့် စကားအတိုင်း စာပေဖတ်ရှုခြင်းသည် ကိုယ်၊ စိတ်၊ နှလုံး အသိအလိမ္မာတိုးပွားစေပြီး အကောင်း၊ အဆိုးကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ စာပေဖတ်ရှုလိုသောသူများကို မိမိတို့ဌာနအနေဖြင့် မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ဖွင့်လှစ်ပြီး အခမဲ့ ငှားရမ်းပေးလျက်ရှိပါကြောင်း ဆွေးနွေးဟောပြောသည်။

 

ဆက်လက်၍ မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အတွင်းရေးမှူး ဦးကျော်စိုး (ပညာရေးငြိမ်း)က လူကုန်ကူးမှုအန္တရာယ်ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများ၊ လူကုန်းကူးခံရပါက တွေ့ကြုံရမည့် ဆိုးကျိုးများနှင့် အကူအညီရယူရန် ဆက်သွယ်ဆောင်ရွက်ရမည့်နည်းလမ်းများ ၏၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်အချက်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သော ပြစ်မှုပြစ်ဒဏ်များအကြောင်းကို လည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်းက အစားအစာ ဘေးကင်းလုံခြုံစေရေး စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဆင်ခြင်သတိပြုရမည့် အချက်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။

 

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး သိကောင်းစရာ ဓာတ်ပုံပြပွဲနှင့် မျောက်ကျောက်ရောဂါ၊ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)