မိုင်းတုံ သြဂုတ်လ ‌ ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ဝမ်မိုင်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရ ရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့် တာဝန်ရှိသူများက ဝမ်မိုင်ကျေးရွာ ကျေးလက်ရေရရှိရေး အတွက် အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေ ရှိ ဂါလံ(၅၀၀၀) ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်း (၃)မိုင်နှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာရေပေးရေးကော်မတီဝင်များ၊ ဒေသခံများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။

 

အဆိုပါ ကျေးလက်ရေရှိရေးလုပ်ငန်းများကို မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ကျေးလက်ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ကျေးရွာရှိ အိမ်ခြေ (၉၀)အိမ်၊ လူဦးရေ ( ၄၃၇)ဦးတို့အတွက် သန့်ရှင်းသော သောက်ရေ၊ သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရသည်။

မောင်ခိုင်(ကျေး/လက်)