နေပြည်တော် ဩဂုတ်  ၃၁

 

လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ၏ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဝင် ရောက်လာကြမည့် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာချထားရေး ကိစ္စရပ်များ၊ လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းကော်မတီ ရန်ပုံငွေသုံးစွဲမှုကိစ္စရပ်များ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် လိုအပ်သောစားနပ်ရိက္ခာနှင့် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် ထပ်မံလိုအပ်သော ရန်ပုံငွေတင်ပြတောင်းခံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ Preliminary Needs Assessment (PNA)ကို ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် Comprehensive Needs Assessment (CNA)နှင့်စပ်လျဉ်းပြီး ဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားမည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို တင်ပြ ဆွေးနွေးကြသည်။

 

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)