ပဲခူး ဩဂုတ် ၃၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မွေးမြူရေးခြံများမှ ထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ် နေသော ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd ၊ ထန်းပင် ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် အင်းတကော်မြို့ရှိ Royal Green Smart Co., Ltd တို့မှ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံးများသို့ ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံများက အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်မှု အဆင့်ဆင့်၊ ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ပဲခူးမြို့နယ်အတွင်း သဘာဝမြေဩဇာစက်ရုံ (၃) ရုံရှိပြီး တစ်ရက်လျှင် တန်(၉၀)ကျော် ထွက်ရှိကာ ပါဝင်ပစ္စည်းအပေါ်မူတည်၍ မြေဩဇာ(၁)အိတ်လျှင် အများဆုံး(၆)သောင်းကျပ်မှ အနည်းဆုံး (၂) သောင်း ကျပ်ဖြစ်ကြောင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးများ အပါအဝင် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)