နေပြည်တော် ဩဂုတ် ၃၁

 

ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ် စနစ်ဖြင့် ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်း စတင် ဆောင်ရွက်ခြင်း အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိ မြို့နယ် ကျည်တောင်ရွက်အနီး ပေါင်းလောင်းမြစ်ရေပြင် ကျင်းပသည်။

 

 အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော် ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံရေး အပြင် အခြားတိုင်းဒေသကြီး ပြည်နယ်များ နှင့် လိုအပ်ချက်ရှိနေသည့် အနီးဝန်းကျင်ဒေသများ သို့ တင်ပို့ ရောင်းချနိုင်သည်အထိ ငါးမွေးမြူထုတ်လုပ်မှု သိသာစွာ တိုးတက်လာရေးအတွက်  နေပြည်တော် ပတ်ဝန်းကျင်ရှိ ပေါင်းလောင်းမြစ်အပါအဝင်၊ ဆည် တာတမံ နှင့် အခြေအနေပေး သည့် သဘာဝ မြစ်ချောင်းများတွင် တိုးချဲ့မွေးမြူနိုင်ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန က အားပေးကူညီလျက်ရှိပါကြောင်း၊ ခေတ်မီ နည်းစနစ် အသုံးပြု၍ ငါးမွေးမြူရေးလုပ်ငန်းများ အောင်မြင်လာပါက ငါးမွေးမြူ ထုတ်လုပ်သည့် လုပ်ငန်းစဉ် ကွင်းဆက် တစ်လျှောက်တွင် ပါဝင်လုပ်ကိုင်သူများ၏ စီးပွားရေးလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ က ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်တွင် လယ်ယာသားငါးကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ၊ ဒေသနေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝများ တိုးတက်ရေး ဆောင်ရွက် နေမှုများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ပေါင်းလောင်း မြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူနိုင်မှုအခြေအနေနှင့် ငါးမွေးတောင်သူများအတွက် အကျိုးဖြစ် ထွန်းနိုင်မှု အလားအလာများကို ရှင်းလင်းတင်ပြသည်။

 

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် အခမ်းအနား တက်ရောက်လာကြ သူများသည် ပေါင်းလောင်းမြစ်အတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူလုပ်ကိုင်မည့် တောင်သူကြီး ဦးကြည်ထွန်းရေပေါ်လှောင်အိမ် (၄)ခုအတွင်းသို့ တီလားဗီးယား ငါးသားပေါက်များ မျိုးစိုက် ထည့်ပေးခဲ့ကြသည်။ ယနေ့ ငါးမျိုးစိုက်ထည့် မွေးမြူခြင်းလုပ်ငန်းကို အနီးဝန်းကျင်ရှိ ကျေးရွာများမှ ငါးမွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူများအား နမူနာအဖြစ်ပြသပြီး ပေါင်းလောင်းမြစ်ကြောင်း တစ်လျှောက်နှင့် အခြေအနေပေးသည့် သဘာဝရေပြင်များတွင်  ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူ ထုတ်လုပ်မှု တိုးပွားလာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)