နေပြည်တော် ဩဂုတ် ၃၁
မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုထားသော ဘိုးဘွားရိပ်သာ (၄)ခုအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်း ထွန်း နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် လူမှုဝန်ထမ်းဆိုင်ရာ မူဝါဒများနှင့်အညီ ကာကွယ်စောင့်ရှောက်မှု လိုအပ်သူများကို နိုင်ငံတော်ကိုယ်စား ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားသော ဂေဟာရိပ်သာများတွင် လက်ခံစောင့်ရှောက် ထားသည့် ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၏ စားဝတ်နေရေး ဖူလုံနိုင်စေရေးအတွက် နိုင်ငံတော်မှခွဲဝေရရှိသည့် ဘဏ္ဍာငွေပေါ်မူတည်၍ နှစ်စဉ်ပံ့ပိုးပေး လျက်ရှိကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့ အစည်းတစ်ခုတည်း ဆောင်ရွက်ခြင်းထက် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင် ပြည်သူများနှင့် ရပ်ရွာလူထုတို့၏ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်းရှိ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၊ မုဒုံဘိုးဘွားရိပ်သာ၊ သထုံဘိုးဘွားရိပ်သာနှင့် သံဖြူဇရပ် ဘိုးဘွား ရိပ်သာတို့ အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
မွန်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသည့် လူငယ်ရိပ်သာ (၂)ခု၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၄)ခု၊ အမျိုးသမီးဂေဟာ(၁)ခု၊ ဘိုးဘွားရိပ်သာ(၄)ခုနှင့် လူမှုအားမာန်အဖွဲ့(၁၁)ဖွဲ့ ရှိပြီး ယင်းအဖွဲ့များထဲမှ ဘိုးဘွား ရိပ်သာ (၄)ခု အတွက် ထောက်ပံ့ငွေကျပ် သန်း ၁၂ ဒသမ ၀၉၉ သန်းကို ထောက်ပံ့ ပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)