နေပြည်တော် ဩဂုတ် ၃၁

 

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံခရီးသွား လုပ်ငန်းစံနှုန်းဆုများ ပါဝင်ယှဉ်ပြိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

 

ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်  က ၂၀၀၈ ခုနှစ်တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် တွင် အာဆီယံအစိမ်းရောင် ဟိုတယ်ဆုများ စတင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း။

 

ယနေ့ကာလတွင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများသည် အစိမ်းရောင်ဟိုတယ် စံနှုန်းအပြင်ရေရှည် တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းစံနှုန်း၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း စံနှုန်း၊ သန့်ရှင်းသော ခရီးသွားမြို့တော်များစံနှုန်း၊ Home Stay စံနှုန်း၊ အများ ပြည်သူ သုံးသန့်စင်ခန်းစံနှုန်း၊ Spa ဝန်ဆောင်မှုများစံနှုန်း၊ Meetings, Incentives, Conferences, Exhibitions- MICE Venue စံနှုန်း တွင် အစည်းအဝေးခန်းမ၊ ပြပွဲခန်းမနှင့် event ခန်းမ စသည်ဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ စုစုပေါင်းစံနှုန်း ၁၀ ခုအထိ ရေးဆွဲပြီးဖြစ်ကြောင်း။ 

 

မြန်မာနိုင်ငံအနေဖြင့် အစိမ်းရောင်ဟိုတယ်ဆု (၆၃)လုံး၊ ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဆုတွင် ကျေးလက် ခရီးစဉ်ဆုအတွက် (၃) ခု၊ မြို့ပြခရီးစဉ်ဆုအတွက် (၂) ခု၊ လူမှုအဖွဲ့အစည်း အခြေခံ ခရီးသွားလုပ်ငန်းဆု (၅) ခု၊ သန့်ရှင်းသောခရီးသွားမြို့တော်ဆု (၉)ခု၊ အများပြည်သူသုံးသန့်စင် ခန်းဆု (၃) ခု၊ အစည်းအဝေးခန်းမဆု (၁၂) ခု၊ ပြပွဲခန်းမဆု (၂) ခု၊ စုစုပေါင်း (၉၉) ဆု ရရှိထားပြီး ဖြစ်ကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် အင်ဒိုနီး ရှားနိုင်ငံ၊ ဂျော့ဂျာကာတာမြို့တွင် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၃ ကို ကျင်းပသွား မည်ဖြစ်ပြီး စံနှုန်းဆုများ ဆက်လက် ပေးအပ်ချီးမြှင့်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  စံနှုန်းများအလိုက် အမှတ်ပေးစည်းမျဉ်းများကို သိရှိ စေလိုသဖြင့် ယနေ့ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် မိမိတို့နှင့် ကိုက်ညီသည့်စံနှုန်းဆုများကိုပါဝင် ယှဉ်ပြိုင်လျှောက်ထားစေလို ကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက အသင်းအဖွဲ့များမှ စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများနှင့် အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေမှု၊ ဘာသာရပ် တာဝန်ခံများက အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများနှင့် မြန်မာနိုင်ငံမှ အဆိုပါ စံနှုန်းဆုများ ပါဝင် လျှောက်ထားမှုနှင့်ဆုရရှိမှုအခြေအနေများ၊ အာဆီယံရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း စံနှုန်းများ၊ အာဆီယံ အများပြည်သူသုံး သန့်စင်ခန်းများဆိုင်ရာ စံနှုန်းများနှင့်ဆုများ ပါဝင်လျှောက်ထား နိုင်ရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းဆွေးနွေးကြပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း ကြကာ  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုတ်သိမ်း လိုက်သည်။

 

၂၀၂၃ ခုနှစ်အတွက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြီး ဆုများပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)