နေပြည်တော် ဩဂုတ် ၃၁
အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း စီမံချက်(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အကျိုးတူလယ်ယာစနစ်ဖြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း စီမံချက်(မူကြမ်း)ကို ဖတ်ကြားရှင်းလင်းပြီး တက်ရောက် လာကြသူများက စီမံချက်(မူကြမ်း)အပေါ် ဝိုင်းဝန်း အကြံပြုသုံးသပ်ဆွေး ကြသည်။
အကျိုးတူ လယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်၊ ရောင်းဝယ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တောင်သူများအကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှု စာချုပ်ချုပ်ဆို၍ ပုဂ္ဂလိက လုပ်ငန်းရှင်များက မျိုး၊ ဓာတ်မြေဩဇာ စသည့်သွင်းအားစုများ ကြိုတင်ထုတ်ပေးခြင်းဖြစ်၍ တောင်သူလိုအပ်သော ရင်းနှီးမြုပ်နှံမှုအတွက် အတိုးကြီးပေးကာ ငွေချေးငှားရမှုမရှိခြင်း၊ သီးနှံ ထွက်ကုန်ပေါ်ချိန်တွင် ကြိုတင်ထုတ်ပေးထားသည့် စရိတ်များကိုခုနှိမ်ကာ ပြန်လည်ဝယ်ယူခြင်း အပြင် ကျန်သီးနှံများကိုလည်း ပေါက်ဈေးအတိုင်း ဝယ်ယူမည်ဖြစ်၍ ဈေးကွက်နှင့်ဈေးနှုန်း သေချာခြင်းအကျိုးကို ခံစားကြရမည်ဖြစ် သကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များ အနေဖြင့်လည်း ဈေးကွက်ရှိသည့် သီးနှံအမျိုးအစားကို တစ်နေရာတည်းမှ တစ်စုတစ်စည်းတည်းဝယ်ယူရရှိခြင်း၊ ဈေးနှုန်းတည်ငြိမ်ခြင်း၊ ဈေးကွက်တွင် ထွက်ကုန်ပမာဏ အာမခံနိုင်ခြင်း စသည့်တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အကြား နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိရေး ဆောင်ရွက်သည့်လုပ်ငန်း ဖြစ်ကြောင်း။
အဆိုပါ အကျိုးတူလယ်ယာစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု သိသာစွာတိုးတက်လာစေရန် နိုင်ငံတော် အစိုးရက လာမည့်နွေစပါးစိုက်ပျိုးရာသီတွင် ဧက(၈၅၀၀၀၀)အတွက် တစ်ဧကလျှင် ငွေကျပ် (၂၀၀၀၀၀)နှင့် ညီမျှသော သွင်းအားစုများကို အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့များမှတစ်ဆင့် ထောက်ပံ့ပေးရန်လိုအပ်သည့် ငွေကျပ် ဘီလီယံ(၁၇၀)၊ ဆောင်းပဲတီစိမ်း ဧက(၅)သိန်းအတွက် တစ်ဧကလျှင် ငွေကျပ်(၁၂၀၀၀၀) နှင့်ညီမျှသော သွင်းအားစုများကို အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မည့်သူ အစုအဖွဲ့ များမှတစ်ဆင့် ထောက်ပံ့ပေးရန်လိုအပ်သည့် ငွေကျပ်ဘီလီယံ(၆၀)၊ စုစုပေါင်း ငွေကျပ်ဘီလီယံ ၂၃၀ ထုတ်ချေးပေးပြီး အကျိုးတူလယ်ယာ စနစ်ဖြင့် သီးနှံပေါ်ချိန်တွင် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ကာလ ပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူသွားမည်ဖြစ်ကြောင်း။
အဆိုပါလုပ်ငန်းတွင် တစ်ဦးတစ်ယောက်ချင်းဖြင့် ဆောင်ရွက်ရမည့်အစား၊ တောင်သူအစုအဖွဲ့များ၊ သမဝါယမအသင်းများ၊ သွင်းအားစုကုမ္ပဏီအစုအဖွဲ့များ၊ သီးနှံထွက်ကုန်များကို ပြန်လည်ဝယ်ယူမည့် အကျိုးတူ လယ်ယာစနစ်ဆောင်ရွက်မည့်သူ အစုအဖွဲ့များ သုံးဦး သုံးဖလှယ် ပါဝင်ကြရမည် ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြွေးကျေသူများ သာမက ကြွေးကျန်ရှိသူများပါ ပါဝင်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်သော်လည်း ကြွေးကျန်ရှိသူ တောင်သူများအနေဖြင့် သီးနှံများ ရောင်းချချိန်တွင် လယ်/ဘဏ် ကြွေးကျန်ရှိသည့် ပမာဏ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ကြွေးရှိနေသည့် တောင်သူများ အတွက် ကြွေးကျေပြီး၊ ကြွေးကင်းရှင်း စေရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)