မျက်မှောက်ကာလတွင် ပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများမှာ လိုအပ်သောကုန်ပစ္စည်းများကို အမြဲအတက်ဈေးဖြင့် ဝယ်ယူသုံးစွဲနေရခြင်း ဖြစ်သည်။  လူသုံးကုန်၊  စားသုံးကုန်  အထူးသဖြင့်  ပြည်ပ သွင်းကုန်ပစ္စည်းမျိုးစုံတို့မှာ   တစ်နေ့ ထက်တစ်နေ့   ဈေးနှုန်းမြင့်မားလာခြင်းနှင့် ကြုံတွေ့နေရပေသည်။ အကျိုးဆက်မှာ ငွေကြေး ဖောင်းပွမှုမြင့်မားလာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာသည်။

 

ကုန်ပစ္စည်းဈေးနှုန်း တက်ရခြင်းအကြောင်းရင်းမှာ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ  ငွေကြေးလဲလှယ်နှုန်း တက်လာသောကြောင့်ဖြစ်သည်ကို  အားလုံးက သိရှိကြသည်။ ထို့ကြောင့် နိုင်ငံငွေကြေးလဲလှယ်နှုန်း တက်လာရခြင်းအကြောင်းရင်းကို ရှာဖွေဖော်ထုတ်၍ မြန်မာ့လူမှု စီးပွားရေးအခြေအနေကို ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်းအပ်ပါသည်။ နိုင်ငံခြားငွေကြေးဈေးကွက်ကို နိုင်ငံအစိုးရ၊ အဖွဲ့အစည်းများက ထိန်းချုပ်ဆောင်ရွက်နေခြင်း မဟုတ်ပေ။ နိုင်ငံတကာ ငွေကြေးဈေးကွက်သည်   ကမ္ဘာပေါ်တွင်  ဗဟိုမှချုပ်ကိုင်မှုစနစ်မရှိဘဲ ရောင်းသူဝယ်သူအချင်းချင်း ရောင်းဝယ်ဖောက်ကားနေသည့် ဈေးကွက်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ငွေကြေးဆိုင်ရာစင်တာများသည် ရောင်းသူဝယ်သူများကြားတွင် ကြားခံအဖြစ် ဆောင်ရွက် ပေးလျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေးကို တရားဝင် အသိအမှတ်ပြုထားသည့် ဘဏ်ကဲ့သို့ ငွေကြေး စင်တာများတွင် တရားဝင် လဲလှယ်ရောင်းဝယ်နိုင်ကြသော်လည်း ရှေးယခင်ကာလမှ ယနေ့အချိန် ကာလအထိ နိုင်ငံခြားငွေမှောင်ခိုအရောင်းအဝယ် ဈေးကွက်များရှိနေခြင်းသည် နိုင်ငံခြားငွေကြေး မတည်ငြိမ်မှု၊ နိုင်ငံခြားငွေကြေး ကစားမှုအကြောင်းများဖြစ်နေသည်။ နိုင်ငံခြားငွေကြေး အတက်အကျ များစွာမရှိစေရန်အတွက် သက်ဆိုင်ရာက သတ်မှတ်နှုန်းထားတစ်ခုကို ပြုလုပ်ပေး သော်လည်း ပြင်ပတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ် ပါးစပ်ဈေးဖြင့် အလုပ်ဖြစ်နေ ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယနေ့ကာလ နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးသောအချိန်၌ ဒေါ်လာ ငွေကြေးရောင်းဝယ်မှုမှာ တစ်နေ့တခြားမြင့်မားလာသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လိုအပ်သည်များကို အသိပေးဆောင်ရွက်လျက် ရှိသည်။

 

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ပြတ်လပ်မှုမရှိစေဘဲ ဈေးနှုန်းတည်ငြိမ် ရေးအတွက် အမေရိကန်ဒေါ်လာများကို သတ်မှတ်နှုန်းထားဖြင့် မကြာခဏရောင်းချ ပေးလျက်ရှိသော်လည်း ငွေကြေးဈေးနှုန်းမှာ အတက်ဘက်တွင်သာရှိနေသဖြင့် ပို့ကုန်၊ သွင်းကုန်များကို ထိန်းညှ ိဆောင်ရွက်ရန်နှင့် တရားမဝင်ငွေကြေးရောင်းဝယ်မှုများကို  ပိုမိုအလေးထားထိန်းချုပ်နိုင်ရန်  လိုအပ်ပေသည်။  လက်ရှိကာလတွင် နိုင်ငံခြားငွေဈေးတက်မှုကြောင့် စက်သုံးဆီဈေးနှုန်းများ လည်း လိုက်ပါမြင့်တက်လာသဖြင့် ပြည်သူများအနေဖြင့် အခက်အခဲရှိလာသည်။ ထို့ကြောင့် စက်သုံးဆီတင်သွင်းသူများသို့ နိုင်ငံခြားငွေကြေး လွယ်ကူစွာရရှိနိုင်ရန် ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၊   စက်သုံးဆီလုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ထို့အပြင် စီးပွားရေး နှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများကလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး လျက်ရှိသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေကြေးများကို တရားမဝင်ရောင်းဝယ်ဖောက်ကား လုပ်ကိုင်နေသည့် မှောင်ခိုဈေးကွက်များရှိနေပြီး ၎င်းဈေးကွက်များမှ နိုင်ငံခြားငွေ ဈေးနှုန်းဆွဲတင်မှုများ၊  အွန်လိုင်းမှ  တရားမဝင်ငွေကြေး  ရောင်းဝယ်မှုများကို ယုံကြည်ဆောင်ရွက်ခြင်း  မပြုလုပ်ရန်လိုသည်။  နိုင်ငံခြားငွေများ  တရားမဝင် ရောင်းဝယ်နေကြသည့် အွန်လိုင်းလုပ်ငန်းများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ နှင့် စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။ ထို့အပြင် ပြည်ပရောက်မြန်မာ နိုင်ငံသား များ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ၊ လစာငွေများကို သုံးစွဲခြင်း၊ လွှဲပြောင်းခြင်း၊  ဘဏ်သို့ ရောင်းချခြင်းများကို  လွတ်လပ်စွာဆောင်ရွက်နိုင်ပြီး အဆိုပါ ဝင်ငွေများကို တစ်ဆင့် ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် ထပ်ဆင့်ရောင်းချခြင်းမပြုဘဲ တရားဝင်စင်တာများသို့ ရောင်းချရန် လိုအပ်ပါသည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် နိုင်ငံခြားငွေကြေးနှင့် ရောင်းဝယ်ဖောက်ကားမှု များကို အစိုးရက ထိန်းချုပ် ထားခြင်းမရှိသော်လည်း သတ်မှတ်စည်းမျဉ်းဥပဒေများကို လိုက်နာကြပြီး ငွေကြေးနှင့် ကုန်ပစ္စည်းဈေးနှုန်းများကို ကြီးကြီးမားမား ကွာခြားမှု မရှိဘဲ  ညှိနှိုင်းပေါင်းစပ်ကာ  တစ်နိုင်ငံလုံး  ဖြန့်ဝေဆောင်ရွက်နေကြသည်ကို လေ့လာကြည့်လျှင်   တွေ့မြင်နိုင်ပါသည်။   မြန်မာနိုင်ငံတွင်   ဒီမိုကရေစီ အသွင်ကူးပြောင်းပြီး ဈေးကွက်စီးပွားရေးကို ဖော်ဆောင်လာသောအခါ ဝိသမ လောဘသား စီးပွားရေးသမားများသည် ဥပဒေ၊ စည်းကမ်း၊ အများပြည်သူကို အလေးမထားဘဲ မိမိတို့ကြီးပွားချမ်းသာရေးအတွက်  ဈေးနှုန်းဆွဲတင်ရန်အခြေအနေများ၊  ဈေးကစားမှုများကို တရားမဝင်လုပ်ကိုင်မှုများ ပြုလုပ်နေကြပေသည်။

 

သို့ဖြစ်ရာ ပြည်သူလူထု စားဝတ်နေမှု သွားလာလုပ်ကိုင်မှု အဆင်ပြေရေးကို ရှေးရှု၍  ငွေကြေးကုန်ပစ္စည်းများ  တရားဝင်ရောင်းဝယ်ဖောက်ကားမှုများကို ထိန်းညှိဆောင်ရွက်ကြပါ ရန်နှင့်  ငွေကြေးကုန်ပစ္စည်းများ  ဈေးနှုန်းမြင့်လာပြီး ပြည်သူလူထုအခက်အခဲဖြစ်အောင် လုပ်ကိုင်နေသည့် ဝိသမလောဘသားများကို တားဆီးနိုင်ရန် လိုအပ်ပါကြောင်း။      ။

ကြေးမုံအယ်ဒီတာ့အာဘော်