တောင်ကြီး စက်တင်ဘာ ၁

တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ  တောင်ကြီး- ဘန်းယဉ်ခရီးစဉ် အမှတ်(၁၅၃)အဆန်၊  အမှတ်(၁၅၄) အစုန် ရထား ပြန်လည်ပြေးဆွဲခြင်းကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက တောင်ကြီးဘူတာ စင်္ကြန်၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး မြန်မာ့မီးရထား  ဦးဆောင်ညွှန်ကြားရေးမှူးက တောင်ကြီး-ဘန်းယဉ်ရထား ပြန်လည်ပြေးဆွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊  ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးတို့က တောင်ကြီး - ဘန်းယဉ် ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့် ရထားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရထားစက်ခေါင်းအား အမွှေးနံ့သာများ ပက်ဖျန်းကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရထားပေါ်တွင် စီးနင်းလိုက်ပါကြသည့် ခရီးသွား ပြည်သူများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး လက်ပြ နှုတ်ဆက်ကြသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

အမှတ်(၁၅၃)အဆန် လူစီးကုန်တင်ရထားသည် တောင်ကြီးဘူတာမှ မွန်းလွဲ ၂ နာရီခွဲ ထွက်ခွာကာ ဘန်းယဉ်ဘူတာသို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ အမှတ်(၁၅၄)အစုန် လူစီးကုန်တင် ရထားသည် ဘန်းယဉ်ဘူတာမှ နံနက် ၅ နာရီခွဲတွင် ထွက်ခွာ၍ တောင်ကြီးဘူတာသို့ နံနက် ၈ နာရီတွင်လည်းကောင်း ရောက်ရှိမှာဖြစ်ပြီး ဖာမွန်းဘူတာ၊ နောင်ကားဘူတာ၊ ဟမ်းဆီးဘူတာ၊ ကက္ကူဘူတာနှင့် ဘန်းယဉ်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)