နေပြည်တော်၊ စက်တင်ဘာ ၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်၌ ရုရှားနိုင်ငံတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကျားကောင်ရေတည်တံ့ရေး ဖိုရမ်အတွက် မြန်မာ-ရုရှား နှစ်နိုင်ငံ ကျားထိန်းသိမ်းရေးအထိမ်းအမှတ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၃)မျိုးအား ၂၀၂၂ ခုနှစ် စက်တင်ဘာ (၅) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တော်သလင်းလဆန်း (၁၁)ရက် (တနင်္လာနေ့) နံနက် (၉) နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ (၅)ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)