တာချီလိတ် စက်တင်ဘာ ၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့နှင့် အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်တို့ ကြီးမှူးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း သင်တန်းအမှတ်စဉ်( ၁/၂၀၂၂) ရက်တိုသင်တန်းဖွင့်ပွဲ ကို ယနေ့ နံနက် ၉ နာရီက အောင်မြတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှုကို တားဆီးကာကွယ်နိုင်ရေးနှင့် ထိရောက်စွာအရေး ယူနိုင်ရေးတို့အတွက် မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်မှစ၍ ဥပဒေများထုတ်ပြန်ကာ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ သင်တန်းတက်ရောက်လာကြသော ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင်များအနေဖြင့် မိမိရပ်ကွက်၊ ကျေးရွာအတွင်း လူကုန်ကူးမှု၊ လူမှောင်ခိုမှုများ လျော့နည်းကျ ဆင်းရေးအတွက် သက်ဆိုင်ရာဌာန၊ တပ်ဖွဲ့များနှင့်ချိတ်ဆက်ကာ မိမိစွမ်းအားရှိသမျှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၂ ရက်နေ့ထိ (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့များမှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၇၆ )ဦး တက်ရောက်ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)