စက်တင်ဘာ ၂

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၉၅၈၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၃၄၁၇၄၂၅ ဦးရှိလာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရသူ ၈၁၅၇၃ ဦးရှိရာ ရောဂါကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းဖြစ်သော်လည်း လွန်ခဲ့သောသီတင်းပတ်က ကိုဗစ်ကူးစက်သူဦးရေ ၁၀၁၁၁၆ ထက် ကူးစက်မှုလျော့နည်းခဲ့သည်ဟု ကိုရီးယားရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

လွန်ခဲ့သော သီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၈၇၈၀၇ ဦး ရှိကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၁၇ ဦးသည် ပြည်ပကူးစက်မှုဖြစ်ရာ ယနေ့အထိ ပြည်ပကူးစက်မှုပေါင်း ၅၉၄၀၈ ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၆၄ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၆၄၉၀ ရှိလာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို