ရန်ကုန် စက်တင်ဘာ ၂

 

ကျွမ်းကျင်လုပ်သားများ  မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝ တိုးတက် စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက် အပံ့ရစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြင့်ဆောင်ရွက်ရန်လိုကြောင်း အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများမှ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

 

ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းက Yangon PanPacific International Co.,Ltd၊ Arao နှင့် Fu Yean Garnment Co.,Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်၍ လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ အလုပ်ရှင်၊ အလုပ်သမားလုပ်ငန်းခွင်ဆက်ဆံရေး ပိုမိုအားကောင်းလာစေရေး အကောင်အထည်ဖော် ဆောင်ရွက် မှုများကို ကြည့်ရှုအားပေးပြီး စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံကာ ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စီးပွားရေးပြန်လည် အားကောင်းအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စီးပွားရေးတွင် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်စနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ကုန်သွယ်များ ဆောင်ရွက်နိုင်မည်၊ ကုန်ထုတ်လုပ်မှုမှ လုပ်ခအားခများ ရရှိမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများ ရှိလာမည်” ဟု လမ်းညွှန်မှာကြားခဲ့ကြောင်း။

 

CMP  လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်ပြီး မြန်မာလုပ်သား ထုနှင့် နိုင်ငံတော်အတွက် ရေတို၊ ရေရှည်အကျိုးဖြစ်ထွန်းစေသည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်း ကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် CMP စက်ရုံများကို ဖွင့်လှစ်ခွင့် ပြုပြီး သက်ဆိုင်ရာဦးစီးဌာနများက စည်းကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

ကုန်ချောများ စံချိန်မီထုတ်လုပ်၍ အချိန်မီတင်ပို့ပေးနိုင်ရေးတွင် ကျွမ်းကျင်လုပ်သားများ၏ စွမ်းဆောင်မှုသည် များစွာအရေးပါကြောင်း၊ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ" သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ NSSA အနေဖြင့် အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုများကို စစ်ဆေးအကဲ ဖြတ်ပေးလျက်ရှိကြောင်း၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ပန်းစက်မှုဇုန်နှင့် မင်္ဂလာဒုန်စက်မှုဇုန် များတွင် Assessment Center များ တည်ထောင်ထားရှိပြီး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်း စေရေး၊ မျှတသည့် အလုပ်သမားရေးရာဆက်ဆံမှု ထူထောင်ရေး၊  အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC)နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့် စဉ်ဆက် မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒဂုံဆိပ် ကမ်းစက်မှုဇုန် ကနောင်ခန်းမ၌ ဖွင့်လှစ်သည့် Assessor Methology Training သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)