နေပြည်တော်၊ စက်တင်ဘာ

 

အရည်အသွေးကောင်းသည့် မြန်မာ့ဆန်များတိုးမြှင့် ထုတ်လုပ် တင်ပို့နိုင်ရေး၊ ဈေးကွက်သစ် များရှာဖွေရေး၊ ပြည်တွင်း၌ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးတောင်သူများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ရှိ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး ပို့ကုန်မြှင့်တင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းများ တွင်ကြုံတွေ့နေရသော အခက်အခဲ များအား လျှင်မြန်လွယ်ကူစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြည်တွင်းရှိ အရင်းအမြစ်များကို တိုးမြင့် ဆောင်ရွက်၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်အောင် ဆောင်ရွက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမြှင့်တင်နိုင်မည့် နည်းလမ်းရှာဖွေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးသည်။

           

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)