ညောင်တုန်း စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက် ပြည့်မှီရေး သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို စက်တင်ဘာ ၂ ရက်က မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ဧကများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အခြားနည်းခွင့်ပြုမှုမရရှိမီ မစိုက်ပျိုးဘဲထားရှိသည့်ဧကများ မရှိစေရေး စသည့်အကြောင်း အရာများကို စည်းရုံးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေး၊ ပြည်တွင်းစားသုံဆီဈေးကွက် ပိုမိုရရှိစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်းသက်သာလာစေရေး စသည့် ရည်ရွယ်ချက် များကိုလည်းကောင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ နည်းစနစ် မှန်ကန်စွာမြေပြုပြင်ပေးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဝင်ငွေတိုးစေရန် ဆောင်းသီးနှံနေကြာအား သီးထပ်သီးညှပ် လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရေးဆွေးနွေးကြခဲ့သည်။
ဆက်လက်၍ မြို့နယ်စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က တောင်သူများ အသုံးပြုလျက် ရှိသည့် စိုက်ပျိုးရေးဆေးများနှင့် မျိုးစေ့များ ဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသည့် တောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)