ရန်ကုန် စက်တင်ဘာ ၄
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများ လွယ်လင့်တကူ ဈေးဝယ်နိုင်ရေးအတွက် ယနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် မအူကုန်းစည်ပင် ဝန်ထမ်းအိမ်ရာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အင်းဝအိမ်ရာ၊ လသာမြို့နယ်လမ်း ၂၀ နှင့် လသာလမ်းကြား မဟာဗန္ဓုလလမ်း ဘုံကျောင်းရှေ့၊ ဗိုလ်တထောင် မြို့နယ်လမ်း ၅၀ အိမ်ရာနှင့် အမှတ် (၆၅၆) ပင်မလျှပ်စစ် အင်ဂျင်နီယာ တပ်ဝင်းတို့တွင်လည်း ရွေ့လျားဈေးကား (MobileMarket) စနစ်ဖြင့် ဈေးရောင်းချပေးကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်၊ ဇမ္ဗူ သီရိလမ်းသို့ သွားရောက်၍ ရပ်ကွက်နေပြည်သူများကို ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန်အမျိုးမျိုးတို့ကို ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်း/ ဈေးဝယ်သူများကို နှာခေါင်းစည်း (Mask) များ ဝေငှပေးသည်။ ထို့အပြင် ကုန်ဈေးနှုန်းများ မြှင့်တက်မှုကြောင့် စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် ၅၁၀၀/- နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် (၅၀) ကျပ်သားစီကို လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၁၇၅/-နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁၀) လုံးစီကို လည်းကောင်း စနစ်တကျတန်းစီ ရောင်းချပေးနေမှုကို ကြည့်ရှုပြီး အမှန်တကယ်လိုအပ်သည့် ရပ်ကွက်များကို အလှည့်ကျဝင်ရောက် ရောင်းချပေးနိုင်ရေး၊ ဝင်ငွေနည်းမိသားစုများကို ရေရှည်ရောင်းချပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက်မြို့တော်ဝန်နှင့် အဖွဲ့သည် ကမာရွတ်မြို့နယ်၊ (၇) ရပ်ကွက်၊ ဟံသာဝတီ အခွန်လွတ်စျေးသို့ သွားရောက်၍ ဈေးသန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဈေးရောင်း/ဈေးဝယ် ပြုလုပ်နေမှုတို့ကိုလည်းကောင်း၊ ဟံသာဝတီ ဂေါက်သီးရိုက် လေ့ကျင့်ရေးကွင်းသို့ သွားရောက်၍ လေ့ကျင်ကစားနေမှုများ၊ ဆိုင်ခန်းများ ဖွင့်လှစ်ထားရှိမှုကိုလည်းကောင်း၊ ဟံသာဝတီပျိုးခြံသို့ သွားရောက်၍ သစ်ပင်၊ပန်းပင်များ ပျိုးထောင်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ဘုရင့်နောင် လမ်းမပေါ်ရှိ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ သွားရောက်၍ တိုင်းဒေသကြီးအဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ကျင်းပနိုင်ရေး ပြင်ဆင် နေမှုကို ကြည့်ရှုရာ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအတွင်း ပြိုင်ပွဲဝင် အမျိုးသား/ အမျိုးသမီးများ အဆောင်၊ ထမင်းချက်ဆောင်နှင့် ထမင်းစားဆောင်များ၊ ရုံးခန်းများ၊ သက်သာချောင်ချိရေး အရောင်းဆိုင်များ၊ သန့်စင်ခန်း ပြင်ဆင်ထားမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ စားသုံးမှု အဆင်ပြေ စေရေးနှင့် သန့်ရှင်းသပ်ရပ်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်