နေပြည်တော် စက်တင်ဘာ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊ အရှေ့ဖျား စီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) သို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr. Pavel A.KLABUKOV၊ စစ်သံမှူး Colonel Sergei KURCHENKO နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ခရီးစဉ်တွင် လိုက်ပါသွား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။
ခရီးစဉ်အတွင်း (၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။

ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေပိုင်းတွင် ရောက်ရှိကြရာ ဗလာဒီဗော့စတော့ခ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Stegniy Daria နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်