စက်တင်ဘာ ၅

 

မလေးရှားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၀၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၇၉၁၄၅၆ ဦး အထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် ၁၉၀၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ပြည်ပကူးစက်မှုတစ်ဦး ဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၆၂၄၅ ဦး အထိ ရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၇၂၆၂၅၀ ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၈၉၆၁ ဦးရှိပြီး ၇၃ ဦးသည် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိကာ ၃၆ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာ လိုအပ်လျက်ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၆ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းနှစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို