နေပြည်တော်   စက်တင်ဘာ ၅

 

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသူများကို သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ ငွေစာရင်းကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ လအထိ မိသားစုလွှဲပို့ငွေရရှိမှုမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စာရင်းအရ အမေရိကန် ဒေါ်လာ ၆၁၅၂ ဒသမ ၀၄၄ သန်း ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ရှင်းလင်းပြောကြားသည်။

 

ယနေ့ မွန်းလွဲ ၁ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်လွှဲပို့သည့် မိသားစုလွှဲပို့ငွေများကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသူများထံမှ မိသားစုလွှဲပို့ငွေ၊ မိခင်နိုင်ငံသို့ ပြန်လွှဲငွေများသည် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း၊ နိုင်ငံခြားငွေ ရှာဖွေရေးအတွက်သော်လည်းကောင်း အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် မိသားစုလွှဲပို့ငွေနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း။

 

ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ်မတိုင်မီက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်း စည်းကမ်းများနှင့် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်စည်းကမ်းများ၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် လိုက်နာရမည့် စည်းကမ်းများ၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ လိုက်နာရမည့် စည်းကမ်းချက်များ အရ အေဂျင်စီများအနေဖြင့် မိမိစေလွှတ်သည့် အလုပ်သမားများအား ၎င်းတို့ရရှိသည့် လုပ်အားခများကို မိသားစုများထံသို့ တရားဝင်လွှဲပြောင်းပေးပို့နိုင်ရေး ကူညီဆောင်ရွက် ပေးရမည်ဟုပါရှိသဖြင့် အလုပ်သမားများရရှိမည့်လစာ၏ ရာခိုင်နှုန်းမည်မျှဆိုသည်ကို သတ်မှတ်၍ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်တွင်လည်းကောင်း၊ အေဂျင်စီနှင့် အလုပ်သမားအကြားချုပ်ဆိုမည့် စာချုပ်တွင်လည်းကောင်း ထည့်သွင်းချုပ်ဆိုနိုင်ရေးနှင့် ပြည်ပနိုင်ငံများမှ အလုပ်သမားများ မိသားစုလွှဲပို့ငွေများကို တရားဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်ပေးရမည့် လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းသတ်မှတ်ချက်များ သတ်မှတ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများကို ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

 

ထို့နောက် တက်ရာက်လာသူများက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ ခေါင်းဆောင်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်