နေပြည်တော် စက်တင်ဘာ ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် ဗလာဒီဗော့ စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့သို့ သွားရောက် လေ့လာကြည့်ရှုသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် Makarov Pacific Higher Naval School သို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး Rear-Admiral Vladimir Vasilievich BURAKOV နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းအတွင်း သင်တန်းသားအဆောင်နှင့် ဌာနများဖြန့်ခွဲ ဆောင်ရွက်ထားရှိမှု၊ နှစ်စဉ်သင်တန်းသားများကို စိစစ်ရွေးချယ်တက်ရောက်စေမှု၊ သင်တန်းသားများအား သင်တန်းနှစ်အလိုက်နှင့် ဘာသာရပ်အလိုက် သင်ကြားလေ့ကျင့် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် သင်တန်းသမိုင်းအကျဉ်းတို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ရေတပ်လေ့ကျင့်ရေးကျောင်းအတွင်း လှည့်လည်၍ စာသင်ခန်းများအတွင်း သင်ကြားမှုသင်ယူမှု အထောက်အကူပြု ပစ္စည်းများ၊ Multimedia Room များဖြင့် စနစ်တကျလေ့ကျင့် ပေးနေမှု အခြေအနေများ၊ အလုပ်ရုံများအတွင်း သင်တန်းသားများ စက်မှု၊ လက်မှုပညာရပ်များဖြင့် လက်တွေ့လေ့ကျင့် ဆောင်ရွက်နေမှု အခြေအနေများ၊ သင်တန်းသားများ၏ စားရေး၊ နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးထားသည့် အခြေအနေများ၊ စာကြည့်တိုက်ကို IT စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သင်တန်းသားများ ကိုယ်တိုင်တီထွင်ထားရှိသည့် ဆိုလာစနစ်သုံး ရေယာဉ်အား စမ်းသပ်မောင်းနှင်လျက်ရှိသည့် အခြေအနေများ၊ ကြံ့ခိုင်မှုဌာန၊ အိပ်ဆောင်များ စသည်တို့ကို အသေးစိတ် စိတ်ဝင်တစား လေ့လာကြည့်ရှုကြရာ ကျောင်းအုပ်ကြီး၊ ဌာနအလိုက် တာဝန်ခံနည်းပြ အရာရှိကြီးများ၊ သင်တန်းသားများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။
မှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေတပ်လေ့ကျင့်ရေးကျောင်း ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက အမှတ်တရပစ္စည်းများ ဂါရဝပြုပြန်လည်ပေးအပ်သည်။
မေးမြန်းမှုများအပေါ် လက်ခံဖြေကြား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရေတပ်လေ့ကျင့် ရေးကျောင်းမှ Media သင်တန်းသားများ၏ သိရှိလိုသည်များနှင့် အကြံပြုလိုသည်များ မေးမြန်းမှုများ အပေါ် လက်ခံဖြေကြားခဲ့ပြီး ရေတပ်လေ့ကျင့်ရေးကျောင်းမှ ပြန်လည်ထွက်ခွာသည်။
အဆိုပါ Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်းသည် ရုရှား နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနအောက်တွင်ရှိသည့် ရေတပ်လေ့ကျင့်ရေး ကျောင်းများအနက် တစ်ခုဖြစ်ကာ ရုရှားနိုင်ငံ၏ Pacific Fleet အတွက် အရာရှိများကို ပြန်တမ်းဝင်အဖြစ် ခန့်အပ်ပေးလျက်ရှိပြီး ၁၉၃၇ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ရုရှားနိုင်ငံ၏ တတိယမြောက် ရေတပ်လေ့ကျင့်ရေး ကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အပြန်အလှန်ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ် Pacific Fleet Headquarters သို့ ရောက်ရှိလေ့လာကြရာ Deputy Commander of Pacific Navy Fleet ဖြစ်သူ Rear-Admiral Vladimir ASTAKHOV နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Deputy Commander of Pacific Navy Fleet တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
အဆိုပါ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်သည် ရုရှားနိုင်ငံ ရေပိုင်နက်များအတွင်း၌ ရေတပ်စစ်ရေး လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်၏ လုံခြုံရေးအတွက် နေ့/ညမပြတ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေတပ်ဌာနချုပ် တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Commercial Port OF Vladivostok သို့ ရောက်ရှိလေ့လာကြရာ Far Easterm Shipyard Company(FESC) ၏ အကြီးအကဲ Mr. Andrey Severilov နှင့် Board of Directors အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် (FESC) ၏ အကြီးအကဲက (FESC) ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဆိပ်ကမ်းလုပ်ငန်းပိုင်း ဆိုင်ရာနှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းဆွေးနွေးမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ကုန်စည်ပို့ဆောင်နိုင်မည့် အခြေအနေများနှင့် အခြားသိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Far Easterm Shipyard Company(FESC) ၏ အကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
ဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဆိပ်ကမ်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြရာ ဗလာဒီဗော့ စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း Managing Director ဖြစ်သူ Mr. Vladimir Kor-chanov နှင့် တာဝန်ရှိသူများက Container Termi-nal နှင့် Universal Terminal တို့၏ လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကိုယ်ပိုင်သင်္ဘောကြီးများ၊ ကွန်တိန်နာများ၊ ရထားလမ်းများ၊ ကုန်းလမ်း ပို့ဆောင်ရေး ယာဉ်များဖြင့် (FESC) ၏ လုပ်ငန်းဆောင်ရွက်မှုကို လည်ပတ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
အကြီးဆုံးဆိပ်ကမ်းတစ်ခုဖြစ်
အဆိုပါ ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို ၁၈၇၂ ခုနှစ်တွင် ရုရှားရေတပ် ဌာနချုပ်အဖြစ် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမကမ္ဘာစစ်ကာလအတွင်း ယင်းဆိပ်ကမ်းမှတစ်ဆင့် စစ်ဘက်သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ကာလတွင် နိုင်ငံခြားမှ ကုန်တင်သင်္ဘောအချို့ စတင်ဝင်ရောက်လာခဲ့ပြီး ၁၉၅၀ ပြည့်နှစ်အလွန်နှစ်များတွင် နိုင်ငံတကာမှ သင်္ဘောများ ဝင်ရောက်လာခဲ့ရာမှ ၁၉၉၀ ပြည့်နှစ်တွင် Vladivostock အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဟူ၍ ဖြစ်လာခဲ့ခြင်းဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့ပိုင်းတို့တွင် အကြီးဆုံး ဆိပ်ကမ်းတစ်ခုဖြစ် ကြောင်း သိရသည်။
သတင်းစဉ်