ရုရှားနိုင်ငံထုတ် လက်နက်အသစ်များကို ကမ္ဘာသို့ ထုတ်ဖော်ပြသလိုက်နိုင်တဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့် နည်းပညာဖိုရမ်

 

ထက်မြတ်

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနကစီစဉ်ကြီးမှူးတဲ့ ARMY 2022 အပြည်ပြည်ဆိုင်ရာ စစ်ဘက်နှင့် နည်းပညာဖိုရမ်ကို ဩဂုတ် ၁၅ ရက်ကနေ ၂၁ ရက် အထိ ရုရှားနိုင်ငံက လက်ခံကျင်းပခဲ့ပါတယ်။ အဲဒီရက်တွေမှာပဲ Army International Games နဲ့ (၁၀) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကိုညီလာခံကိုလည်း တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပါသေးတယ်။

 

ARMY  2022 အစီအစဉ်တွေကို အလာဘီနို တပ်မတော်လေ့ကျင့်ရေးကွင်းရှိ  ကူဘင်ကာ လေယာဉ်ကွင်းရဲ့ ပတ်ထရီးယော့ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာနဲ့ စစ်ခရိုင်များအားလုံးအတွင်း မှာသာမက မြောက်ပိုင်းရေယာဉ်စုမှာပါ ကျင်းပခဲ့တာပါ။ ကြည်းတပ်ဖိုရမ်ဆိုတာ အစဉ်အလာအားဖြင့်တော့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းများစွာကို ခင်းကျင်းပြသပြီး ဆက်စပ်ကိစ္စရပ်တွေကို ဆွေးနွေးကြတဲ့ အရေးအကြီးဆုံးသော အပြည်ပြည်ဆိုင်ရာ စင်္ကြံတစ်ခုဖြစ်ပါတယ်။

 

အထူးသဖြင့် ဒီနှစ်မှာထုတ်ဖော်ပြသလိုက်တဲ့ စစ်လက်နက်ပစ္စည်းအသစ် အဆန်းများထဲမှာ ဝေဟင်မှပစ်ခတ်နိုင်တဲ့ ဘက်စုံသုံး ကိုယ်ပျောက်တိကျ ပဲ့ထိန်းလမ်းညွှန်စနစ်ပါ Kh-69 အနိမ့်ပျံ ဒုံးကျည်၊ Viking SAM  System  ရဲ့ ပစ်မှတ်ရှာရေဒါ၊ Planshet-M-IR ရွေ့လျားအလိုအလျောက် ပစ်သေနတ်/စိန်ပြောင်း/MRL ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်နဲ့ လျှပ်စစ်-မျက်မြင်စနစ်ပါ ဘက်စုံ သုံးမျိုးဆက်သစ် Orlan-30 အမျိုးအစား မောင်းသူမဲ့လေယာဉ်စနစ်တို့ ပါဝင်ပါတယ်။

 

ပင်မပြပွဲခန်းမများ ရှေ့တည့်တည်မှာ နေရာချထားတဲ့ ပဉ္စမမျိုးဆက်တိုက် လေယာဉ် Su-57  ကိုတော့ ပြပွဲလာ ဧည့်ပရိသတ်များက မျက်စိကျစိတ်ဝင်စားမှု အရှိဆုံးပါပဲ။  ဖိုရမ်မှာ  ခင်းကျင်းပြသသွားတဲ့ စစ်လက်နက်ပစ္စည်းနဲ့ စစ်သုံးပစ္စည်းအမျိုးအစားပေါင်း ၁၀၀၀ ကျော်ရှိပြီး  ပြပွဲလာဧည့်ပရိသတ် စုစုပေါင်းကတော့ နှစ်သန်းနီးပါးရှိပါတယ်။

 

စစ်သုံးပစ္စည်းများ၊ ဘက်စုံသုံးပစ္စည်းများ၊ နည်းပညာများနှင့်ဝန်ဆောင် မှုများအားလုံးကို တင်သွင်းခြင်း၊ တင်ပို့ခြင်းတို့အတွက် တစ်ခုတည်းသော နိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့ Rosoboronexport က ပြပွဲကာလတစ်လျှောက် တွေ့ဆုံဆွေးနွေးမှုများစွာကို ပြုလုပ်နိုင်ကာ ဆွေးနွေးမှုရလဒ်များကိုလည်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 

“၂၀၂၂ ခုနှစ်အတွင်းမှာ Rosoboro-nexport က ကြည်းတပ်ဖိုရမ်ရဲ့ ဘေးပန်းအနေနဲ့ လုပ်ငန်းအစီအစဉ်များစွာကို စီစဉ်နိုင်ခဲ့ပါတယ်။ မိမိတို့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုစုစုပေါင်း ၇၀ ကျော် ပြုလုပ်ခဲ့ပြီး ဒီအတောအတွင်း မိတ်ဖက်နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များနဲ့ စစ်ဘက်-နည်းပညာဆိုင်ရာ ကိစ္စများစွာကို  ဆွေးနွေးခဲ့ပါတယ်။ မိမိတို့အနေနဲ့ တင်ပို့မှုစာချုပ်များစွာကို အဆုံးသတ်နိုင်ခဲ့တဲ့အပြင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူ စာချုပ်များအတွက်  အခြေခံအုတ်မြစ်များကိုလည်း ချမှတ်နိုင်ခဲ့ပါသေးတယ်” လို့ Rosoboronexport မှ ညွှန်ကြားရေးမှူးချုပ်  အလက်ဇန်းဒါးမီခိက ပြောပါတယ်။

 

ဒါ့အပြင် “ကုမ္ပဏီအနေနဲ့ ဖိုရမ်သို့ လာရောက်သူ မိတ်ဖက်ကိုယ်စားလှယ်များကိုလည်း ရုရှားထုတ်ကုန်အမျိုးပေါင်း ၃၅၀ ခန့်ကို ပြသနိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်များအနေနဲ့  စိတ်ဝင်စားမှု အများ ဆုံးကတော့ Su-57E  ပဉ္စမမျိုးဆက် တိုက်လေယာဉ်၊ T-14 Armata တင့်၊ Ka-52E တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Tor-E2 SAM စနစ်၊ Kornet-E ATGM စနစ်နဲ့ K-17 Boomerang ခြေလျင်တင် တိုက်ခိုက်ရေးယာဉ်တို့ ဖြစ်ပါတယ်” လို့သူက ဆက်ပြောပါတယ်။

 

 

Rosoboronexport က ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကုမ္ပဏီတို့ ပူးပေါင်းဖန်တီးထားတဲ့ ဖြစ်နိုင်ဖွယ်အခြေအနေ တစ်ခုအပေါ် မူတည်ပြီး ရုရှားသံချပ်ကာယာဉ်များနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်များ လက်တွေ့သရုပ်ပြသမှုကို အလာဘီနို လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လက်တွေ့သရုပ်ပြသမှု ထဲမှာ BMD-4M လေကြောင်းချီချေမှုန်းရေးယာဉ်၊ K-17 Boomerang ခြေလျင် တင် တိုက်ခိုက်ရေးယာဉ်တို့အပါအဝင် စစ်လက်နက်ပစ္စည်းအမျိုးပေါင်း ၁၉ မျိုးရဲ့ လှုပ်ရှားသွားလာနိုင်မှုနဲ့ ပစ်ခတ်မှု စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

“အနောက်နိုင်ငံတွေက  ရုရှားနိုင်ငံကို ဖယ်ကြဉ်ထားဖို့ စဉ်ဆက်မပြတ် ရည်ရွယ်ထားပေမယ့်လည်း Rostec ကုမ္ပဏီကတော့ စစ်ဘက် - နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ ဆက်လက်ပါဝင် ဆောင်ရွက်နေဦးမှာပါ။ ဒီနှစ်မှာဆိုရင် မိမိတို့အနေနဲ့ ရူဘယ် ၁ ထရီလီယံတန်ဖိုးရှိတဲ့ သဘောတူ စာချုပ်တွေကို ပြည်ပမှဝယ်လက်များစွာနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးပါပြီ” လို့ Rostec ကုမ္ပဏီမှအမှုဆောင် အရာရှိချုပ် ဆာဂျီချီမီဇော့က  ပြောပါတယ်။ အခု ဖိုရမ်အတွင်း ချုပ်ဆိုလိုက်နိုင်တဲ့  စာချုပ်များရဲ့တန်ဖိုးက ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း နှစ်စဉ်ချုပ်ဆိုနိုင်ခဲ့တဲ့ သဘောတူစာချုပ်တွေထက်ကို များစွာသာလွန်နေပါတယ်။

 

ဒါကိုကြည့်ပြီး  ဆိုရမယ်ဆိုရင် ယူကရိန်းမှာလုပ်တဲ့ ရုရှားနိုင်ငံရဲ့ အထူးစစ်ဆင်ရေးအတွင်း ရုရှားလက်နက်တွေရဲ့ ထိရောက်မှုကို  မြင်တွေ့ရပြီးနောက် ပြည်ပမိတ်ဖက်နိုင်ငံများက ရုရှားနိုင်ငံ ထုတ်လက်နက်တွေကို ပိုမိုသဘောကျ လာတယ်ဆိုတာ ထင်ရှားနေပါတယ်လို့ စစ်ဘက် - နည်းပညာ  ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ရုရှားဖက်ဒရယ် လုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူး ဒီမီထရီ ရှူဂါအက်က ပြောပါတယ်။

 

“ယူကရိန်းနိုင်ငံမှာလုပ်တဲ့ အထူးစစ်ဆင်ရေးကြောင့် ပြည်ပမိတ်ဖက်နိုင်ငံတွေအနေနဲ့ ရုရှားလက်နက်များအပေါ် စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။ အများစုက ရရှိနိုင်တဲ့ အချက်အလက်များအပေါ် မူတည်ပြီး  တိုက်ပွဲအတွင်းလက်နက်တွေရဲ့ ထိရောက်မှုကို ချင့်ချိန်တွက်ချက်လာကြတာပါ။ ဒါ့အပြင် ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများရဲ့ မြင့်မားတဲ့အရည်အသွေး၊  အားကိုးယုံကြည်နိုင်မှု၊  ခံနိုင်ရည်ရှိမှုနဲ့  ပြုပြင်ထိန်းသိမ်းရ  လွယ်ကူမှုတို့ကြောင့် အာဖရိက၊ လက်တင်အမေရိကနဲ့ ကမ္ဘာကြီးရဲ့တခြားဒေသများမှ အလားအလာ ရှိတဲ့ ဝယ်လက်များရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တာ  ဖြစ်ပါတယ်” လို့ ဒီမီထရီ ရှူဂါအက်က ပြောပါတယ်။

 

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာဆိုရင် ပြည်ပမိတ်ဖက်နိုင်ငံများနဲ့ သဘောတူညီချက်အရနဲ့ သင်္ဘောထွက်ခွာမှု အချိန်ဇယားများအရ စစ်လက်နက်ပစ္စည်းများစွာကို တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်းအနေနဲ့ပြောရရင် အဲဒီစစ်လက်နက်ပစ္စည်းတွေကို နိုင်ငံပေါင်း ၃၀  ကျော်ဆီ တင်ပို့ခဲ့တာ ဖြစ်တယ်လို့လည်း သူက  ဆက်ပြောပါတယ်။

 

နောက်ဆုံးပေါ်ထုတ်ကုန်များ

 

ဒီနှစ်အတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံးကတော့ Su-57  ပဉ္စမ မျိုးဆက် တိုက်လေယာဉ်စနစ်ကို ပတ်ထရီးယော့စင်တာ အဆောက်အအုံဘေးနားမှာ လက်တွေ့သရုပ်ပြသမှုပဲ ဖြစ်ပါတယ်။ Su-57 အဆင့်မြင့်ဘက်စုံသုံး တိုက်လေယာဉ်ဟာဆိုရင် ခေတ်မီအဆင့်မြင့်ပဲ့ထိန်းနဲ့ ပဲ့ထိန်းမပါတဲ့ လက်နက်တွေအသုံးပြုပြီး ဝေဟင်၊ မြေပြင်၊ ရေပြင်ပစ်မှတ်တွေကို နေ့ရောညပါ တိုက်ခိုက်နိုင်စေဖို့အတွက် ရည်ရွယ်ဒီဇိုင်းရေးဆွဲထားတာပါ။ အဲဒီ တိုက် လေယာဉ်မှာ နောက်ဆုံးပေါ်  ပျံသန်းမှု ထိန်းချုပ်ရေး အီလက်ထရွန်နစ်စနစ်များ၊ စစ်လက်နက်ပစ္စည်းများနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေးစနစ်များကို တပ်ဆင်ထားပါတယ်။

 

လေယာဉ်ရဲ့  စစ်လက်နက်ပစ္စည်း စာရင်းထဲမှာဆိုရင် ARMY 2022  ရဲ့ အဆန်းသစ်ဆုံး လက်နက်ဖြစ်တဲ့အပြင် နည်းဗျူဟာမြောက် ဒုံးလက်နက် ကော်ပိုရေးရှင်း(KTRV) ရဲ့ ပြပွဲပစ္စည်းဖြစ်တဲ့ ဝေဟင်မှပစ်ခတ်နိုင်သော ဘက်စုံသုံး ကိုယ်ပျောက်တိကျပဲ့ထိန်းလမ်းညွှန် စနစ်ပါ Kh-69 အနိမ့်ပျံဒုံးကျည်ပါပဲ။ KTRV ရဲ့  တရားဝင်ထုတ်ပြန်ချက်ပါ အချက်အလက်တွေကို ကိုးကားပြောရ မယ်ဆိုရင် Kh-69 ဟာမြေပြင် အထိုင်ပစ်မှတ်အမျိုးမျိုးကို ဖျက်ဆီးနိုင်ဖို့ ဒီဇိုင်း ရေးဆွဲထားတာဖြစ်ပါတယ်။

 

သူ့ကိုမပစ်ခတ်ခင် မတူညီတဲ့ ပစ်မှတ်များဆီ ချိန်ရွယ်ထားနိုင်စေဖို့အတွက် ဒုံးကျည်ထိန်းချုပ်ရေး စနစ်ထဲကို လေကြောင်းပျံသန်းမှုများစွာ  ထည့်သွင်းထားနိုင်ပါတယ်။ Kh-69 ရဲ့စစ်ဆင်နိုင်မှု အကွာအဝေးက ကီလိုမီတာ ၂၉၀ ဖြစ်ပြီး မြေပြင်အထက် မီတာ ၅၀ ကနေ ၃၀၀ အတွင်းမှာ တစ်နာရီကို ကီလိုမီတာ ၇၅၀ ကနေ  ၁၀၀၀ နှုန်းနဲ့  ပျံသန်းနိုင်ပါတယ်။

 

 

ARMY 2022 မှာ ထုတ်ဖော်ပြသပြီး လူကြိုက်အများဆုံးဖြစ်တဲ့ ရုရှား စစ်လက်နက်ပစ္စည်း တစ်ခုကတော့ Armata ဘက်စုံတိုက်ပွဲဝင်စနစ်အပေါ်မှာ အခြေခံထားတဲ့ T-14 တင့်ပါပဲ။

 

“တင့်ကို မမျှော်မှန်းထားတဲ့ဒီဇိုင်းနဲ့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။  အထူး သဖြင့် T-14 မှာဆိုရင် လူမဲ့ဆုံလည်တစ်ခုပါဝင်ပြီး တင့်အဖွဲ့သားတွေက အရင်လို ခဲယမ်းတွေနဲ့ အတူတူမနေရတော့ဘဲ သီးခြားခွဲထွက်ထားတဲ့ သံချပ်ကာ အခန်းငယ်ထဲမှာ နေရမှာပါ။  ဒီတင့်ကို သွက်လက်တက်ကြွတဲ့ ကာကွယ်မှုစနစ်နဲ့ ပေါက်ကွဲမှုကို တုံ့ပြန်မှုရှိတဲ့ သံချပ်ကာအပြင် စွမ်းအားမြင့် စက်အမြောက်ကြီးနဲ့ အလိုအလျောက် ကျည်ထိုးစနစ်ပါဝင်တဲ့ အဝေးထိန်းလက်နက်စခန်းတို့နဲ့ တည်ဆောက်ထားတာပါ။ လျှပ်စစ်-မျက်မြင်  ကင်းထောက်စနစ်များ၊ ချိန်ရွယ်ပြီး ပစ်မှတ်ရှာဖွေတဲ့  ဆင်ဆာများကိုလည်း ဆုံလည်နဲ့ တင့်ကိုယ်ထည် ပတ်ပတ်လည်မှာ တပ်ဆင်ထား ပါတယ်” လို့ T-14 တင့်ကို ထုတ်လုပ်သူ အူရယ်ဗာဂွန်ဇာဗော့ ကော်ပိုရေးရှင်းရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

 

 

လေယာဉ်

 

ယူနိုက်တက်လေယာဉ် ကော်ပိုရေးရှင်းရဲ့ စစ်သုံးလေယာဉ်အမျိုးအစားများ အားလုံးနီးပါးဖြစ်တဲ့ Su-34၊ Su-35၊ Su-57၊ Su-30SM၊ Yak-130၊ Il-78MK-90A၊ Il-76MD-90A၊ MiG-35၊ MiG-29K၊ Be-200  အစရှိတဲ့  လေယာဉ်များလည်း ARMY 2022 မှာ ပါဝင်ပြသခဲ့ပါတယ်။

 

အကောင်းဆုံးလှုပ်ရှား စစ်ကစား နိုင်စွမ်းရှိတဲ့ ဘက်စုံသုံး Su-30SM တိုက်လေယာဉ်ကတော့ သူ့ရဲ့စွမ်းဆောင်ရည်ကို သရုပ်ပြသခဲ့ပါတယ်။ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကောင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိတဲ့ ဒီတိုက်လေယာဉ်ဟာ သူ့မှာပါဝင်တပ်ဆင်ထားတဲ့  အကြီးစားလက်နက်များကြောင့် အကောင်းဆုံးတိုက်ခိုက်ရေး စွမ်းရည်များကို ပိုင်ဆိုင်ထားရုံသာမကဘဲ အနီးကပ်ဝေဟင်တိုက်ပွဲမှာ ရန်သူ့အပေါ် လွှမ်းမိုးနိုင်တဲ့  အကောင်းဆုံးသော လှုပ်ရှားစစ်ကစားမှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 

ရုရှားကျွမ်းကျင် ပညာရှင်တွေကတော့  ဒီတိုက်လေယာဉ်နဲ့ တခြားဆူခွိုင်းတိုက်လေယာဉ်များမှာ  ပါတဲ့ အဓိကအားသာချက်များနဲ့ပတ်သက်ပြီး အသိအမှတ်ပြု  ပြောထားပါတယ်။ အဲဒီ အားသာချက်တွေကတော့ ချေမှုန်းနိုင်စွမ်းမြင့်မားတဲ့ ပဲ့ထိန်းဒုံးကျည်များနဲ့ ပဲ့ထိန်းမပါတဲ့ ဒုံးသီးများအပြင် ၃၀ မီလီမီတာ အော်တိုစက်အမြောက်ပါဝင်မှု၊ အခြေစိုက်စခန်းသို့ အလိုအလျောက် ပျံသန်းနိုင်မှုနဲ့  ဝေဟင်ဆီဖြည့်နိုင်စွမ်း၊ ပျံသန်းမှုထိန်းချုပ်ရေး လေယာဉ်နည်းပညာများနဲ့ လက်နက်စနစ်များကို လိုအပ်သလို တပ်ဆင်နိုင်မှုတို့ပဲ ဖြစ်ပါတယ်။

 

စစ်ဘက်  သယ်ယူပို့ဆောင်ရေး လေယာဉ်အပိုင်းမှာဆိုရင်လည်း  ရုရှားနိုင်ငံထုတ်  လေယာဉ်အသစ်ဖြစ်တဲ့ Il-76MD-90A စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကိုလည်း  ပြသခဲ့ပါတယ်။ အဲဒီလေယာဉ်က ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေတဲ့  Il-76MD လေယာဉ်ပေါ်မှာ အခြေခံထားတာဖြစ်ပြီး အလားတူလေယာဉ်အမျိုးအစားကို  နောက်ထပ် အဆင့်မြှင့်တင်မှုတွေလုပ်နိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်တောင်ပံကို အဆင့်မြှင့်တင်ခြင်း၊ D-30KP-2  အင်ဂျင်များအစား ဆီစားသက်သာပြီး အသံထွက်ငြိမ်ကာ စွမ်းဆောင်ရည်မြင့်မားတဲ့  PS-90A-76 အင်ဂျင်များကို တပ်ဆင်ထားခြင်းတို့ကြောင့် ခရီးဝေးပျံသန်းနိုင်စွမ်း ပိုမို မြင့်မားပါတယ်။

 

Ka-52 ကင်းထောက်/ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကိုလည်း ARMY  2022 မှာ ထည့်သွင်းပြသခဲ့ပါတယ်။ သင်္ဘောတင် အမျိုးအစားဖြစ်တဲ့ Ka-52K Katran အမျိုးအစားအနေနဲ့ပါ။ သူ့ကိုသင်္ဘောများ အပေါ်မှာသာမက မြေပြင်ပေါ်မှာလည်း အသုံးပြုနိုင်ပြီး လေယာဉ်မှူး ခုန်ထွက်မှုနဲ့ ဒဏ်ထိန်းစနစ်တစ်ခုကိုလည်း တပ်ဆင်ထားပါတယ်။

 

ဖိုရမ်မှာပြသခဲ့တဲ့ နောက်ထပ် စစ်လက်နက်ပစ္စည်း တစ်မျိုးကတော့ Mi-28NE တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြစ်ပါတယ်။ သူ့မှာ နောက်ဆုံးပေါ် ပဲ့ထိန်းဒုံးကျည်စနစ်များ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် မောင်းသူမဲ့ လေယာဉ်များနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်တဲ့စနစ်ကိုလည်း ထည့်သွင်းထားတာကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်က ဖော်ထုတ်တွေ့ရှိတဲ့ ရန်သူ့ ပစ်မှတ်များကို ကောင်းစွာချေမှုန်းနိုင် စွမ်းရှိပါတယ်။

 

Mi-28NE  နံဘေးမှာ  ပြသထားတဲ့ စစ်လက်နက်ကတော့ Mi-35P သယ်ယူပို့ဆောင် ရေး/ တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြစ်ပြီး သူ့ကို Mi-24P ရဟတ်ယာဉ်ပေါ်မှာ အခြေခံ တည်ဆောက်ထားတာပါ။ သူ့အနေနဲ့ Mi-24P မှအားသာချက်များဖြစ်တဲ့ သာလွန်တဲ့ အမြန်နှုန်း၊ သယ်ယူ ပို့ဆောင်ရေး/ တိုက်ခိုက်ရေးစွမ်းဆောင်ရည်များနဲ့  တိုက်ပွဲမှာ ရှင်သန်နိုင်စွမ်း လုပ်ဆောင်ချက်များကို အမွေဆက်ခံထားပါတယ်။ Mi-35P  မှာ ပဲ့ထိန်း လက်နက်များနဲ့ President-S လေကြောင်းချီကာကွယ်ရေး  အထောက်အကူပြုပစ္စည်းများကိုလည်း တပ်ဆင်နိုင်ပါတယ်။ Mi-35P ရဲ့စွမ်းဆောင်ရည် တစ်ခုကတော့ ကုန်းမြင့်ဒေသများမှာသာမက ပူပြင်းတဲ့ရာသီဥတုဖြစ်စေ၊ စိုစွတ်တဲ့ရာသီဥတုဖြစ်စေ ဘယ်လိုအခြေအနေမှာမဆို စစ်ဆင်ရေးလုပ်ဆောင် နိုင်စွမ်းရှိတာပါပဲ။

 

Orlan-30 မောင်းသူမဲ့လေယာဉ် ဆိုရင်လည်း သူ့ကိုပေးအပ်မယ့် တာဝန်များအပေါ်လိုက်ပြီး အမျိုးမျိုးသော စစ်ဆင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပါတယ်။ အဲဒီ တာဝန်တွေထဲမှာ ကင်းလှည့်ခြင်း၊ ကင်းထောက်ခြင်း၊ တိကျလက်နက်များကို လမ်းညွှန်ခြင်း၊ ပစ်မှတ်ဖော်ပြခြင်း၊ တိုက်ခိုက်မှုပြီးနောက် လေ့လာဆန်းစစ်ခြင်း အစရှိသဖြင့် ပါဝင်ပါတယ်။ သူ့ကို အထူးပြုလုပ်ထားတဲ့သေတ္တာနဲ့ ပို့ဆောင် နိုင်ပါသေးတယ်။

 

ဆက်လက်ဖော်ပြပါမည်