မြန်မာနိုင်ငံ၏လူဦးရေသည် နှစ်စဉ်တိုးတက်လျက်ရှိသည်။ လူဦးရေတိုးလာသော်လည်း စားနပ်ရိက္ခာအတွက် ပူပန်ဖွယ်မရှိပေ။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးပြီး စားသုံးသည့်နိုင်ငံဖြစ်သည်။ နိုင်ငံသားများသည် တစ်နှစ်လျှင် ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ် (၉၇ ပြည်ခန့်) စားသုံးမှုရှိသဖြင့် မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းနှင့်လုံလောက်မှုရှိသည်။

 

မြန်မာနိုင်ငံတွင် ယမန်နှစ်က မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး စပါးအထွက် တင်းသန်းပေါင်း ၁၀၈၈ ရှိသည်။ နွေစပါးစိုက်ဧက နှစ်သန်းရှိပြီး စပါးတင်းသန်းပေါင်း ၂၁၃ သန်း ထွက်ရှိခဲ့သည်။ ထို့ကြောင့် စုစုပေါင်း စပါးတင်းသန်းပေါင်း ၁၃၀၁ သန်း (ဆန်တန်ချိန် ၁၃ ဒသမ ၀၁ သန်း) ထွက်ရှိသည်။ ထွက်ရှိသောစပါးများအပေါ် မျိုး၊ အလေအလွင့်နုတ်ပယ်၍ အသားတင်ပိုလျှံမှုပမာဏမှာ ဆန်တန်ချိန် ၁၂ ဒသမ ၂၈၂ သန်းခန့် ဖြစ်သည်။ ပြည်တွင်းရှိ လူဦးရေ ၅၅ သန်း စားသုံးရန်လိုအပ်ချက်မှာ ဆန်တန်ချိန် ၉ ဒသမ ၄၀၂ သန်းဖြစ်သည့်အတွက် ပိုလျှံသည့် ဆန်တန်ချိန်ပမာဏ ၂ ဒသမ ၈၈ သန်းခန့်ကို ပြည်ပသို့တင်ပို့နိုင်ခဲ့သည်။

 

၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိ ပြည်ပသို့ ဆန်တင်ပို့နိုင်မှုပမာဏမှာ တန်ချိန် ၁ ဒသမ ၃၃၈ သန်းနှင့် ဆန်ကွဲတန်ချိန် သုည ဒသမ ၈၀၈ သန်းဖြစ်ပြီး ၂၀၂၂ ခုနှစ် သြဂုတ်လကုန်တွင် ပြည်တွင်း၌ လက်ကျန်ဆန်တန်ချိန် ၃ ဒသမ ၆၃၅ သန်းခန့် ရှိသည်။ ယခု စက်တင်ဘာလမှ  နှစ်ကုန်အထိ  ‌လေးလစာ  ပြည်တွင်းစားသုံးရန် ဆန်လိုအပ်ချက်မှာ ၃ ဒသမ ၁၃၄ သန်းဖြစ်၍ ပြည်တွင်းလုံလောက်မှုရှိသည်။ ယခုစက်တင်ဘာလကုန်တွင် မိုးရာသီစိုက်ပျိုးသည့် မိုးစပါးစိုက်ဧက ၁၅ သန်းမှ ဆန်စပါးစတင်ပေါ်ထွက်လာမည်ဖြစ်၍ ဆန်ကိုပြည်ပသို့ ပုံမှန်အတိုင်း ဆက်လက် တင်ပို့ရောင်းချနိုင်သည့်အပြင် ပြည်တွင်းစားသုံးမှုအတွက်လည်း စိုးရိမ်စရာမရှိပေ။

 

မြန်မာနိုင်ငံတွင် တိုင်းပြည်၏အဓိကသီးနှံဖြစ်သည့် စပါးတစ်ဧက အထွက်နှုန်း ကောင်းမွန်ရေးအတွက် ဆောင်ရွက်လျက် ရှိသည်။ လာမည့်စိုက်ပျိုးရာသီတွင် နွေစပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများကို လယ်ယာအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု စနစ်ဖြင့် တစ်နိုင်ငံလုံးတွင် စိုက်ပျိုးနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည်။ လာမည့်ရာသီမှစ၍ နွေစပါးဧက ၈ ဒသမ ၅ သိန်းနှင့် ပဲတီစိမ်းဧက ငါးသိန်းကို အကျိုးတူလယ်ယာစနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ အနက်မှ ငွေကျပ်ဘီလီယံ၂၃၀  မတည်ပေးထားပြီးဖြစ်သည်။

 

ထို့အပြင်  လယ်ယာကဏ္ဍနှင့်  တောင်သူတို့၏   လူမှုစီးပွား မြှင့်တင်နိုင်ရန် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ကို အကောင်အထည်ဖော်လျက်ရှိရာ တောင်သူဦးကြီးများကိုယ်တိုင်ပါဝင်စီမံပြီး စုပေါင်းအင်အားများဖြင့် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်နိုင်ရေးနှင့်  မိမိအကျိုး၊  နိုင်ငံတော်အကျိုးကို မျှော်ကိုးပြီး သာယာဝပြော၍ စားရေရိက္ခာပြည့်စုံကြွယ်ဝသည့် နိုင်ငံတော်အဖြစ်ရပ်တည်နိုင်အောင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်စီမံ ဆောင်ရွက်ပေးမှုဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ မြင့်မားတိုးတက်လာရေးအတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးထွက်ကုန်များ ရောင်းဝယ်ဖောက်ကားရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် နှစ်စဉ်ဆန်စပါးအထွက် ကောင်းမွန်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု လောက်ငဖူလုံသည်။ ဆန်ကိုပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်းဖူလုံမှသာ အပိုအလျှံများကိုစိစစ်၍ စနစ်တကျတင်ပို့လျက်ရှိသည်။ လက်ရှိတွင် ပြည်တွင်း၌ လက်ကျန်ဆန်အခြေအနေမှာ အထက်တွင်ဆိုခဲ့သည့်အတိုင်း မိုးစပါး အသစ်မထွက်ပေါ်မီအချိန်အထိ ဖူလုံပိုလျှံသည့် ပမာဏရှိသဖြင့် ပြည်သူများအတွက် အဓိကစားနပ်ရိက္ခာ လုံလောက်ဖူလုံမှုရှိပါကြောင်း။            ။

 

ကြေးမုံ