မင်းဘူး စက်တင်ဘာ ၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးလက်တောရွာနေပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီက ချောင်းကောက်ကျေးရွာသို့ ‌သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းဇင်မိုးက နိုင်ငံတော်မှ ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများကို ဘက်ပေါင်းစုံမှ ကူညီထောက်ပံ့မှုများ ပေးနေသကဲ့သို့ မိမိတို့အဖွဲ့အနေဖြင့်လည်း ရပ်ကွက်နှင့် ကျေးရွာ‌နေပြည်သူများ၏ လုံခြုံရေး၊ အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အစဉ်ဂရုတစိုက် အလေးထား ဆောင်ရွက်‌ပေးလျက်ရှိပါကြောင်း၊ ကျေးရွာနေ ပြည်သူများကလည်း ဝိုင်းဝန်းကူညီကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်စီမံအဖွဲ့ အတွင်းရေးမှူး ရဲမှူးလှိုင်ဝင်းက မကြာမီကာလများတွင် ရွေးကောက်ပွဲ ကျင်းပပေးတော့မည်ဖြစ်ရာ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးတို့အတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းကို ကူညီဆောင်ရွက်ပေးလိုကြောင်းနှင့် ရပ်ရွာအတွင်း မှုခင်းကျဆင်းအောင် အထူးဂရုပြု နေထိုင်ရေးတို့ကိုလည်းကောင်း၊ မြို့နယ် လ.ဝ.က မှူး ဦးဇော်မိုးသက်က (၆၆/၆) များကို တိုက်ဆိုင်စိစစ်၍ စာရင်းရေးသွင်းနေမှုများကို လည်းကောင်း၊ ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုက ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးနေမှုများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လ/ထ ဦးစီးမှူး ဦးဇော်မင်းသူက စိုက်ပျိုးရေးကဏ္ဍ ဆေးသုံးစွဲရာတွင် အလေအလွင့်နှင့် ဆုံးရှုံးမှုမများစေရန် သိကျွမ်းနားလည်သူများကို မေးမြန်းပြီး စနစ်တကျ သုံးစွဲကြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများမှ ဌာနအကြီး အကဲများက မိမိတို့လုပ်ငန်း တာဝန်များကို ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေပြည်သူများက မိမိတို့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များအား တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)