စက်တင်ဘာ ၆

 

ပါကစ္စတန်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင် ( အင်န်ဒီအမ်အေ ) ကပြောကြားသည်။

 

အဆိုပါအင်န်ဒီအမ်အေ၏ ယမန်နေ့ညနေပိုင်း သတင်းထုတ်ပြန်ချက်အရ နိုင်ငံတောင်ပိုင်း ဆင်းဒ်ရှ်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများတွင် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်ရှစ်ဦးထက်မနည်းပါဝင်သည်ဟု သိရသည်။

 

ထို့ပြင် နေအိမ် ၅၂၇၉ လုံး ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန် ၇၆ ကောင် သေဆုံးခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

ဇွန်လလယ်မှစတင်ကာ ရွာသွန်းခဲ့သောမိုးကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် နိုင်ငံအတွင်း သေဆုံးသူပေါင်း ၁၃၂၅ ဦး အထိရှိလာပြီး ၁၂၇၀၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အင်န်ဒီအမ်အေ၏နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် နေအိမ် ၁၆၈၈၀၀၅ ဦး ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန် ၇၅၀၄၈၁ ကောင် သေဆုံးခဲ့သည်ဟု ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို