နေပြည်တော် စက်တင်ဘာ ၆
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် နယ်စပ်ဒေသ စခန်းအား ရက်အတန်ကြာပိတ်ဆို့ကာ သာလွန်အင်အားအများအပြားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် (ငါမသေ ငါ့စခန်းမကျစေရ)ဆိုသည့် ခိုင်မာသောသန္နိဋ္ဌာန်စိတ်ဖြင့် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးကျူးကြောင်း၊ ရဲတပ်ဖွဲ့မှကျင့်သုံးနေသည့် ရဲကျင့်ဝတ် အပါး(၇၀)အား တပ်ဖွဲ့ဝင် အားလုံးသိရှိလိုက်နာပြီး အစဉ်အလာ (၁၂)ရပ်တွင်ပါရှိသည့် လုံခြုံရေးကိစ္စရပ်များကို နောင်တော်တပ်မတော်နှင့် လက်တွဲကာ ယခုကဲ့သို့ အောင်မြင်အောင် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲ ခန်းမ များတွင်လည်းကောင်း၊ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် မောင်တော ဒေသရှိ မြို့သူကြီးနယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင်နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်များတွင်လည်းကောင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးအမှာစကား ပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပေါ်ပေါက်ခဲ့ရသည့် အကြောင်းရင်းများကို ချပြရှင်းလင်းကာ မိသားစုအတွင်း ကလေးငယ်များ ပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်အကြီးအကဲ က သတ်မှတ်ပေးထားသည့် ပညာရေးအဆင့်အတန်းအထိ နိုင်ငံတော်မှ အကုန်အကျခံကာ မသင်မနေရ ပညာရေးအဆင့် သတ်မှတ်ထားရှိမှု အခြေအနေနှင့် ကလေးငယ်များ ပညာရည်တိုးတက်မြင့်မားပြီး ဘဝတက်လမ်းအထောက်အကူပြုမှုတွင် မိခင်များ၏အခန်းကဏ္ဍသည် အလွန်မြင့်မားစွာ ပါရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ဂုဏ်ယူရမည် ဖြစ်ကြောင်းနှင့် မိသားစုများအနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရေးတို့ကို အသေးစိတ်မှာကြားပြီး နေရာဒေသတစ်ခုချင်းစီမှ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား ပွင့်လင်းစွာ ဆန္ဒ ဖော်ထုတ်တင်ပြစေကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ ရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကိန်းဂဏန်း စာရင်းဇယားများ တိကျမှန်ကန်မှု လိုအပ်သည့်အခြေအနေများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပေါင်းစပ်အားဖြည့်ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံတော်မှချမှတ်ထားသည့် ပြည်သူ့ လုံခြုံရေးအဖွဲ့များဖြင့် စစ်ကြောင်းကြီးငါးကြောင်း လှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မိသားစုများ ပညာရည်မြင့်မားရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်မှာကြားသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်မီးသတ်ဦးစီးဌာန တွင် မီးသတ်ယာဉ်များ ကြံ့ခိုင်မှုကို စစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား တွေ့ဆုံမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေအကျဉ်းထောင်၌ အကျဉ်းသားများ၏ နေထိုင်စားသောက်မှုများ၊ ချက်ပြုတ်ကျွေးမွေး နေမှုနှင့် ရေ၊ မီး၊ မိလ္လာရရှိမှုကိစ္စရပ်များကို အဆောင်တစ်ဆောင်ချင်းစီ အသေးစိတ်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)များကို E-ID Software Programme ဖြင့် Server အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှု၍ ဌာနများလုပ်ငန်းတာဝန်အလိုက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး Server စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို အသေးစိတ်လေ့လာကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ စားရိပ်သာ၌ တပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာ စားသုံးပြီး စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေအခြေအနေနှင့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှုအခြေအနေ တို့ကို အသိပေးပြောကြားကာ တပ်ဖွဲ့ဝင်များ၏ အခက်အခဲများကို ဆန္ဒ ဖော်ထုတ်ပွဲပြုလုပ်ပေးပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိသားစုဝင်များအား သွားရောက်တွေ့ဆုံပြီး နေအိမ်လိုင်းခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ မိသားစုဝင်များ၏ အခက်အခဲတင်ပြချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကာ မူကြိုကျောင်းအတွက် လိုအပ်သော ထောက်ပံ့ ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် တပ်ဖွဲ့ခွဲအတွင်း ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တပ်တွင်းလမ်း ဖောက်လုပ်နေမှုနှင့် ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်