နေပြည်တော်   စက်တင်ဘာ   ၆

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများအား ထပ်ဆင့်ရှင်းလင်းပွဲကို  ယနေ့ ညနေ ၄ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြသည်။

 

ဦးစွာ  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ (၆)လ ပတ်လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ပြီး      ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်  (၉)ရပ်တို့ကိုချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ဦးတည်ချက်တွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက်ကျင့်သုံးရေးကို        နိုင်ငံရေးဦးတည်ချက်အဖြစ် ချမှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသား များအကျိုးကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမည့် တာဝန်ရှိသဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များနှင့်ပြင်ပမှ မမှန်သတင်း ဖော်ပြချက်များကိုလည်း ပြန်လည်တုံ့ပြန် ဖြေရှင်းအသိပေးခြင်းများကို အချိန်နှင့် တစ်ပြေးညီ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သံရုံး လုံခြုံရေးနှင့် လူပုဂ္ဂိုလ်၊ စာရွက်စာတမ်း လုံခြုံရေးများကို  အထူးဂရုစိုက်ကြရန်၊ သံရုံးအကြီးအကဲများက အဆင့်ဆင့် အထူး ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်ပတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် သံတမန်များ အနေဖြင့် ရှေ့တန်းတိုက်စစ်မှူးများ ဖြစ်သကဲ့သို့ ခံစစ်မှူးများလည်းဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ သည်   နက်နဲ သိမ်မွေ့သည့်ကိစ္စဖြစ်၍ သံရုံးအကြီးအကဲများအနေဖြင့် အမြင်ကျယ်ကျယ်၊ ယုံကြည်ချက်၊ ခံယူချက်ရှိရှိဖြင့် လုပ်ကိုင် ဆောင်ရွက်သွားကြရန်နှင့် မိမိလက်အောက်တွင်   တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ပြီး  အချင်းချင်း အပြန်အလှန်လေးစားမှု စိတ်ဓာတ်ရှိစေရန်လည်း    ထိန်းကျောင်း ကြပ်မတ်သွားကြရန်   လိုအပ်ကြောင်း၊ ဆက်လက်၍   ရခိုင်ပြည်နယ်မှ  နေရပ် စွန့်ခွာသူများ   ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ နှင့်ပတ်သက်၍  လည်းကောင်း၊  မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေးအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံဆက်ဆံရေး အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ အစိုးရ၏ ရပ်တည်ချက်၊ သဘောထားနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင် တရားရုံးတွင် ရင်ဆိုင်နေသည့် အမှုကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးများနှင့် ပဋိပက္ခ ချဉ်းကပ်ဖြေရှင်း ရာတွင် ထည့်သွင်းစဉ်းစား ရမည့်အချက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများ က ဆွေးနွေးတင်ပြခဲ့ရာ ယင်းတင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။  

သတင်းစဉ်