နေပြည်တော်  စက်တင်ဘာ  ၆

 

ရှမ်းပြည်နယ်  တောင်ကြီးမြို့နယ်အတွင်းရှိ ပင်းပက်နှင့် နောင်ကား ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်နှင့် နောင်ကား-တောင်ကြီး ရထားလမ်း ပိုင်းအခြေအနေကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ ယနေ့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း  ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင် နိုင်သည့် ကလောဘူတာ၏ အစဉ်အလာကို ဆက်လက် စောင့်ထိန်းရေး၊ ဘူတာအဆောက်အအုံနှင့် ယာဒ်ဝင်းအား  သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာအား ရှေးမူမပျက်  မွမ်းမံပြင်ဆင်ထိန်းသိမ်းထားရှိရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို မှာကြားခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်း ရေနွေးငွေ့စက်ခေါင်းနှင့်    ချိတ်ဆက်ထားသည့် တွဲပြသထားမှု အခြေအနေကို     လည်းကောင်း၊ ပင်းပက်ဒေသရှိ   သံမဏိထုတ်လုပ်ရေးစက်ရုံနှင့် ချိတ်ဆက်မည့်    ရထားလမ်း တည်ဆောက်ရန် လျာထားနေရာနှင့် ပင်းပက်ဘူတာ တည်ဆောက်မည့် နေရာတို့ကိုလည်းကောင်း၊ ပင်းပက်-နောင်ကား ရထားလမ်းသစ်ဖောက်လုပ်မည့် လမ်းအူကြောင်းတစ်လျှောက်   စီမံကိန်းလုပ်ငန်းခွင်နေရာများသို့ လည်းကောင်း၊   နောင်ကားလမ်းဆုံမှ  အထူးရထားစီးနင်း၍ ရထားလမ်းပိုင်း၏ ကြံ့ခိုင်မှုအခြေအနေကို လည်းကောင်း၊    ဘူတာများ၏  သန့်ရှင်းသပ်ရပ်မှု၊ ကားနှင့် ရထားလမ်းကူးများ၌ မော်တော်ယာဉ်များ စနစ်တကျ  ဖြတ်သန်းသွားလာမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တောင်ကြီးဘူတာ၌ တာဝန်ရှိသူများ၊ ဘူတာဝန်ထမ်း များနှင့် တွေ့ဆုံကာ ဘူတာသန့်ရှင်းသပ်ရပ်စေရေး၊ စက်ခေါင်းနှင့်တွဲများ  လုံခြုံမှု ရှိစေရေး၊  ရထားများ အချိန်မှန်ကန်စေရေး၊ ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာ  သွားလာနိုင်စေရေး၊  ကောင်းမွန်သော  ဝန်ဆောင်မှုများပေးနိုင်ရေးကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်