နေပြည်တော်  စက်တင်ဘာ  ၆

 

လမ်၊ တံတားများတည်ဆောက်ရာတွင်   ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဒီဇိုင်းပုံစံအတိုင်း  စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက (မန္တလေး - မိတ္ထီလာလမ်းပိုင်း)အား ကြည့်ရှုစစ်ဆေးစဉ် တာဝန် ရှိသူများကို တိုက်တွန်းပြောကြားခဲ့သည်။

 

ဒုတိယဝန်ကြီးသည် တာဝန်ရှိ သူများနှင့်အတူ စက်တင်ဘာ  ၄ ရက် နံနက်ပိုင်းက B.O.T စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသော ရန်ကုန်- တောင်ငူ-မိထ္ထီလာ - မန္တလေး လမ်း (မန္တလေး  -  မိတ္ထီလာ လမ်းပိုင်း)နှင့် ကျောက်ဆည် မြို့ရှောင်လမ်း ဖောက်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး B.O.T စနစ်ဖြင့်  ဆောင်ရွက်လျက်ရှိသော မိတ္ထီလာ-မန္တလေးလမ်း၊ ကျိုင်းတုံ-တာချီလိတ်လမ်း၊ မြစ်ငယ်-စစ်ကိုင်းလမ်း၊ မိတ္ထီလာ မြို့ရှောင်လမ်း၊ ကျောက်ဆည်မြို့ရှောင်လမ်း၊ ဘယ်လင်း-အုန်းချော လမ်းပိုင်းဆိုင်ရာများနှင့် ပတ်သက်သည့်   လုပ်ငန်းဆောင်ရွက် နေမှုတင်ပြချက်များပေါ်  ပြန်လည်ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ထို့ပြင်  ဒုတိယဝန်ကြီးက ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး၊ ခရိုင်လမ်းဦးစီးဌာနမှ    တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးရန် လိုကြောင်းနှင့် လျာထားစီမံချက်ပါအတိုင်း လုပ်ငန်းပြီးစီးရေးအတွက်  ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်    ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို   သတ်မှတ်ချိန် ပြီးစီးအောင်    အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

ထို့ပြင်   ဒုတိယဝန်ကြီးသည် ကျောက်ဆည်    မြို့ရှောင်လမ်း မိုင် (ဝ/၅)ရှိ  ဇော်ဂျီတံတား အမှတ်  (၂)တံတား တည်ဆောက် ပြီးစီးမှုကိုလည်းကောင်း၊   သော်တာဝင်း ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောင်ရွက်နေသည့် ရန်ကုန်-မိတ္ထီလာ - မန္တလေးလမ်း မိုင်တိုင် (၃၆၀/၃)ရှိ ရေဝန်းတံတား တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်နေမှုကို လည်းကောင်း၊     မိတ္ထီလာ - ကျောက်ပန်းတောင်း      လမ်းတစ်လျှောက်နှင့်  မိုင်တိုင် (၅၆ - ၅၇)ကြား      ကတ္တရာ ရေပိတ်လွှာ လောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊  ရန်ကုန်- မန္တလေး အမြန်လမ်း မကြီး (မိတ္ထီလာ - နေပြည်တော်)လမ်းပိုင်းကို    လည်းကောင်း၊     ရန်ကုန်-မန္တလေးအမြန်လမ်း    မိုင်တိုင် (၂၀၃/၄)မှ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အဝင်လမ်း လမ်းအူကြောင်း ဖောက်လုပ်နေမှုကိုလည်းကောင်း     ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်