မကွေး စက်တင်ဘာ ၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work (CfW) စီမံကိန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၂၀ ၌ ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း ၂၀၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း မကွေးမြို့နယ်မှ သံဘိုရွာမကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်မှ သပြေပင်ကျေးရွာနှင့် တလုပ်ပင်ကျေးရွာ၊ ချောက်မြို့နယ်မှ ကြီးနီစံပြကျေးရွာ၊ ရေနံချောင်းမြို့နယ်မှ ရုံးကုန်းကျေးရွာနှင့် ကျွဲပုတ်ကျေးရွာ၊ နတ်မောက်မြို့နယ်မှ ဥယျာဉ်(မ)ကျေးရွာ၊ မြို့သစ်မြို့နယ်မှ လဲလူကျေးရွာ၊ မင်းဘူးမြို့နယ်မှ တောင်မန်းစံပြကျေးရွာ၊ စလင်းမြို့နယ်မှ ကြက်သကိုင်ကျေးရွာ၊ ပွင့်ဖြူမြို့နယ်မှ စံပြကျေးရွာ၊ ငဖဲမြို့နယ်မှ ရေပုတ်ကျေးရွာ၊ သရက်မြို့နယ်မှ ရေဖြူကျေးရွာ၊ ကံမမြို့နယ်မှ အလယ်ကျေးရွာ၊ မင်းတုန်းမြို့နယ်မှ ဝန်တွင်းကျေးရွာ၊ မင်းလှမြို့နယ်မှ ညောင်ပင်ကျင်းကျေးရွာ၊ ဆင်ပေါင်ဝဲမြို့နယ်မှ သပွတ်ကျောကျေးရွာ၊ အောင်လံမြို့နယ်မှ ဖောင်တင်ကျေးရွာ၊ ပခုက္ကူမြို့နယ်မှ ကျွန်းညိုကြီး (ရွာသစ်)ကျေးရွာနှင့် ဆိပ်ဖြူမြို့နယ်မှ မြေကြမ်းတောကျေးရွာတို့တွင် ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့၍ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် အခြားသောဘေးအန္တရာယ်များ၏ အကျိုးဆက်များကြောင့် လူမှုစီးပွားဘဝ ထိခိုက်ခံစားရသည့် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၂၀ ရွာတွင် Cash for Work စီမံကိန်းဖြင့် မြေသားရေကန်တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်စေပြီး လုပ်အားခများရရှိကာ ကျေးရွာနေပြည်သူများ ဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင်ထံက သိရသည်။

 

မယ်သင်း