ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်မြို့နေ ပြည်သူများအတွက် နေ့စဉ်စားသုံးရန် အသားများ ထုတ်လုပ်ပေးရာတွင် အာဟာရ ပြည့်မီစေရန်၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် အသားများ ထုတ်လုပ်ပေးနိုင်ရန်နှင့် လုံလောက်စွာ စားသုံးနိုင်ရေးအတွက် ဖူလုံအောင်ထုတ်လုပ်ပေးရန် ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက အမဲ၊ သိုး၊ ဆိတ် အသားထုတ်လုပ်ရေး လိုင်စင်ရယူထားသူများနှင့် တွေ့ဆုံစဉ် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြောကြားခဲ့သည်။
ယင်းနောက် လိုင်စင်ရယူထားသူ လုပ်ငန်းရှင်များက စားသုံးသူပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေး၊ ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေးနှင့် ကုန်ကြမ်းများ သယ်ယူ ပို့ဆောင်ရေးတို့အတွက် လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) (၅၁)ရပ်ကွက်၊ မြဝတီမင်းကြီး(၁)လမ်း၊ ပညာရာမပရိယတ္တိ စာသင်တိုက် ကျောင်းဝင်းအတွင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့်ငါး၊ ပုစွန် အမျိုးမျိုးတို့ကို ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်း ဈေးဝယ်သူများကို နှာခေါင်းစည်း (Mask) များ ဝေငှပေးသည်။
ထို့အပြင် ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၄၀၀ ဖြင့် အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားစီကို လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၁၇၅ ကျပ်ဖြင့် အိမ်ထောင်စု တစ်စုလျှင် ၁၀ လုံးစီကိုလည်းကောင်း စနစ်တကျ ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အမှန်တကယ် လိုအပ်သည့် ရပ်ကွက်များကို အလှည့်ကျ ဝင်ရောက်ရောင်းချပေးနိုင်ရေး၊ ဝင်ငွေနည်းမိသားစုများကို ရေရှည်ရောင်းချပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ စက်တင်ဘာ ၈ ရက်တွင် သာကေတမြို့နယ် သဒ္ဒါရုံစည်ပင်အိမ်ရာဝင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် ကျောင်းဝင်း၊ မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာဝင်း၊ ကမာရွတ်မြို့နယ် ဆင်မလိုက်စည်ပင် အိမ်ရာဝင်း၊ သင်္ဘောကျင်း အိမ်ရာဝင်း၊ ပြည်ရိပ်မွန် အိမ်ရာဝင်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့တော်ခန်းမနှင့် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း၊ စည်ပင်(၁၂ ထပ်ခွဲရုံးဝင်း တို့တွင်လည်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်