မုံရွာ စက်တင်ဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပတ္တမြားစေတီ တောင်တက်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးအနီးတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က “ယခုဖွင့်လှစ်သည့် လမ်းသည် ယခင်က ကတ္တရာလမ်းဟောင်း တစ်ခုဖြစ်ခဲ့သော်လည်း ကာလရှည်ကြာ၍ ရာသီဥတုဒဏ်နှင့် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းခြင်း၊ မိုးရေတိုက်စားမှုကြောင့် လမ်းပျက်စီး၍ သွားလာမှု ခက်ခဲခဲ့ပါကြောင်း၊ ပတ္တမြားစေတီ တောင်တက်လမ်း သွားလာမှု ချောမွေ့ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် အလှူရှင် မိဘပြည်သူများက စုပေါင်း လှူဒါန်းငွေများဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း” ပြောကြားသည်။ ယင်းနောက် လမ်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ကွန်ကရစ်လမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဆင့်၊ လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးဝင်းနိုင်၊ အလှူရှင် ဦးအုပ်စိုးတို့က ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများက လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါလမ်းသစ် မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးကြသည်။

 

အဆိုပါ ပတ္တမြားစေတီ တောင်တက်လမ်းသည် အရှည် ပေ ၅၂၀၀၊ အကျယ် ၁၄ ပေ၊ ၆ လက်မထု ကွန်ကရစ်လမ်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၀၀၊ စေတနာရှင် မိဘပြည်သူများမှ ငွေကျပ် ၈၃၁ သိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဘိလပ်မြေအိတ် ၄၀၀၀၊ စုစုပေါင်း ကုန်ကျငွေ ကျပ် ၁၁၇၁ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပတ္တမြားစေတီတော် ရင်ပြင်တော်တွင် ပြုလုပ်သော မတ္တမြားစေတီတောင်တက်လမ်း ကွန်ကရစ်လမ်းခြင်းအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက တာဝန်ရှိသူများထံ စုစုပေါင်းငွေကျပ် ၉၃၁ သိန်း၊ ဘိလပ်မြေအိတ် ၄၀၀၀ အား ပေးအပ်လှူဒါန်းကာ ဆရာတော်၊ အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စစ်ကိုင်းမြို့ ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တပညာသီရိထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကြကာ အခမ်းအနားကို ရုပ်သိမ်းသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသော နိုင်ငံတကာ စာတက်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ရာ ကျောင်းသားကျောင်းသူများက မြန်မာ့ကျောင်း သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့သို့ ပေးပို့သည့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများက မွန်ရိုးရာအကဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအတွက် ငွေကျပ် ၅ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ၏ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)