နေပြည်တော်  စက်တင်ဘာ   ၈

 

စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီး ဌာနက နိုင်ငံဝန်ထမ်းများ လတ်ဆတ်သော  သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊  သစ်သီးဝလံများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်  စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ညနေပိုင်းက ဌာန ပိုင်ခြံများ စိုက်ခင်းများမှ ထွက်ရှိသော ဟင်းသီး ဟင်းရွက်၊  သစ်သီးဝလံများ၊ သား၊ ငါး၊ ကြက်ဥများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ ပုဂ္ဂလိကခြံများ လက်လီလက်ကားရောင်းချနိုင်ရန်   အခွန်လွတ်ဈေးအဖြစ်   ဖွင့်လှစ်ပေးနိုင်ရေးကိုလည်း  စီစဉ်ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးနှင့် တာဝန်ရှိသူ များသည် နေပြည်တော် မြို့မဈေးအနီး အသစ်ဖွင့်လှစ်ပေးမည့် အအေးခန်းစက်ရုံ၊  စိုက်ပျိုး မွေးမြူရေးထွက်ကုန် လက်လီလက်ကား အရောင်းဆိုင်နေရာနှင့်  နေပြည်တော်  ပုဗ္ဗသီရိဈေးအနီးရှိ စိုက်ပျိုးရေး  ထွက်ကုန်ဈေးကွက် ဗဟိုဌာန   အအေးခန်းသိုလှောင်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ကိုယ်တိုင်စိုက်ပျိုးမွေးမြူ    ထုတ်လုပ်သူများ ရောင်းချခွင့်ရမည့် အဆိုပါ စိုက်ပျိုးမွေးမြူရေး ထွက်ကုန် လက်လီ လက်ကားအရောင်းဆိုင်နေရာကို စက်တင်ဘာ ၁၀ ရက် စနေနေ့တွင် စတင်ဖွင့်လှစ် နိုင်ရေး စီမံဆောင်ရွက် လျက်ရှိပြီး  ဝန်ထမ်းအိမ်ရာများ၊ ရုံးများတွင်လည်း ဈေးကားများဖြင့်  ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ  KOICA  နှင့် ပူးပေါင်းဆောင်ရွက်သည့် နေပြည်တော် ပုဗ္ဗသီရိဈေးအနီးရှိ စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်ဗဟိုဌာန အအေးခန်းသိုလှောင်ရုံ၌  စိုက်ပျိုးထုတ်လုပ်သူများ လက်ကားဈေးအဖြစ်    လာရောက် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ   အဆိုပါ   လက်ကားဈေးကြီး  အမြန်ဆုံးဖွင့်လှစ်နိုင်ရေး   စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်