တောင်ကြီး စက်တင်ဘာ ၉
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ် ပညာဦးစီးဌာန၊ တောင်ကြီး ပညာရေး ဒီဂရီကောလိပ်၊ လုပ်ငန်းခွင် အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း (PPTT) (၈/၂၀၂၂) ဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ ပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ကျောင်းသား ကျောင်းသူများက "ပြည်ထောင်စုကြီး ထာဝရတည်တံ့စေ" တေးသီချင်း သရုပ်ဖော်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “နိုင်ငံ့ရင်သွေး ကျောင်းသား ကျောင်းသူ လူငယ်မျိုးဆက်သစ်များကို ၂၁ ရာစု၏ စိန်ခေါ်မှုများအား ရင်ဆိုင်ယှဉ်ပြိုင် အနိုင်ယူကာ နိုင်ငံကို တိုးတက်သည်ထက် တိုးတက်အောင် တည်ဆောက်ပေးနိုင်မည့် အနာဂတ် နိုင်ငံ့သားကောင်းများအဖြစ် မွေးထုတ်ပေးနိုင်ရေးအတွက် အရည်အသွေး တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစားကြရန်” အမှာစကား ပြောကြားသည်။ ထို့နောက် တောင်ကြီး ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တောင်ကြီး ပညာရေး ဒီဂရီကောလိပ် လုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ်သင် ပညာသင်တန်း (PPTT) အမှတ်စဉ် (၈/၂၀၂၂) အတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများက "သာစွမြန်မာပြည်" တိုင်းရင်းသားယိမ်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ သင်တန်းသို့ သင်တန်းသား ၃၀၊ သင်တန်းသူ ၄၃၇ ဦး စုစုပေါင်း ၄၆၇ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)