တောင်ကြီး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများကို မြင်းရုပ်မီးပွိုင့်နှင့် အနောက် မြို့ပတ်လမ်း၊ စဝ်စံထွန်းဈေးရှေ့တို့တွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများက လမ်းသွား၊ လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အကြောင်းအရာများကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ကြခြင်းဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက်မှု ရှိစေရန်အတွက် လူစည်ကားရာနေရာများတွင် ရက်သတ္တပတ်လျှင် နှစ်ကြိမ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း